စစ်တွေ ဇူလိုင် ၃၁
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကုတ်မြို့ပေါ်မှ ဆရာတော်ကြီးများအား ဖူးမြော်ပြီး တောင်ကုတ်ဒေသခံပြည်သူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်တွေ့ဆုံသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်ကုတ်မြို့လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ဒေသလိုအပ်ချက်များနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တောင်ကုတ်မြို့နာရေးကူညီမှုအသင်း၊ ရှင်းသန့်လူမှုကူညီ ရေးအဖွဲ့နှင့် တောင်ကုတ်ဆေးရုံတို့အတွက် တစ်ဖွဲ့လျင်ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ပြီး နိဂုံးချုပ်အမှာအစကားပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူစွမ်းအားအရင်းအမြစ်ဦးစီး ဌာနမှ ကျောက်ဖြူ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း RC သုံးထပ်ဆောင်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
တင်ထွန်း