ရေး ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးမှုကို မြို့နယ်အတွင်း ကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်များ၊ ဒေသခံပြည်သူများအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်(၅)နေရာတွင် တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို အသက်(၆၅)နှစ်အထက် ဆရာတော်၊ သံဃာတော် များ၊ သီလရှင်များ၊ ဒေသခံပြည်သူများ၊ အစိုးရ/ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဟိုတယ်/မိုတယ်ခန်းများ၏ ဝန်ထမ်းများ၊ အကျဉ်သား/ အချုပ်သားများ၊ ဈေးများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများကို စုစုပေါင်းရက်(၂၀)ခန့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
ရေးမြို့နယ်တွင် ဇူလိုင်(၂၉)ရက်နေ့က ရေးမြို့ တပုလ္လင်နှစ်ဆူဘုရားဓမ္မာရုံ၊ ထွေ/အုပ် အစည်းအဝေးခန်းမ၊ ရဲစခန်း၊ အ-ထ-က(ခွဲ)အဏ္ဏဝါနှင့် အစင်ကျေးရွာ ရတနာ့ဗိမာန်ကျောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စုရပ်နေရာ(၅) နေရာတွင် (၁၃၄)ဦးကို ထိုးနှံပေးခဲ့ပြီး ရေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။