ကျိုက်ထိုမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကျိုက်ထို ဇူလိုင် ၃၀

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲ (၃)နာရီ မှစတင်ကာ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံ ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြိုနယ်ဆရာ၀န်ကြီးဒေါက်တာ ခွန်မောင်အိုး နှင့်တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ် (၄) ရပ်သတ်မှတ်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ပြီး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ရဟန်းသံဃာများ၊ပုဂ္ဂလိကဆေးရုံ ဝန်ထမ်းများ၊သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ နှင့်ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများကို စုစုပေါင်းရက်(၂၀)ခန့်ထိုး နှံပေးသွားမည် ဖြစ်ကြောင်း ၊ စုရပ်တစ်နေရာတွင် တစ်ရက်ကို လူဦးရေ (၅၀)ဦး မှ (၂၀၀) ဦး ဆေးထိုးသူပေါင်း ၃၄၀၀ ဦးခန့်အား ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်းပြည်သူ့ကျန်းမာဦးစီးဌာနမှ သိရသည်။