မေး။ မင်္ဂလာပါ ဆရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူအများ သိရှိအောင်၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းခွင့်ပြုပါဆရာ ၊ ပထမဦးဆုံးအနေနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဆရာဦးစိုးမင်းထက်ကို မေးချင်ပါတယ်ဆရာ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျနော်တို့ မြို့နယ်ရဲ့ အခြေအနေ ကိုသိချင်ပါတယ်ဆရာ -
ဖြေ။ မင်္ဂလာပါခင်ဗျာ ၊ ကျနော်တို့ မလှိုင်မြို့နယ်အနေနှင့် ယနေ့ ဇူလိုင်( ၂၉ ) ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ(၂၇၅) ဦး ရှိပါတယ် ၊ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၂၃) ဦး ၊ သေဆုံးသူ(၅) ဦး ရှိ တဲ့အတွက် လက်ရှိ ကိုဗစ်အတည်ပြုဆေးရုံရှိ လူနာ(၁၄၇) ဦး ရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှု မရှိစေရန် ရပ်ကွက် / ကျေးရွာတွေရဲ့ အားကိုယူပြီး Quarantine Center တွေကို ဖွင့်လှစ်ထားပါတယ်၊ အတည်ပြု လူနာ (၁၅ဝ) ဦးကို ရေ၊ မီး၊ အပြည့်အစုံနှင့် ထားနိုင်ဖို့ ဆောင်ရွက်ထားပါတယ်၊ ကျွေးမွေးဖို့ အတွက်လည်း မလှိုင်မှာရှိတဲ့ Q.C.S.G စေတနာ့ ဝန်ထမ်းအဖွဲ့တွေက တစ်နေ့(၃) ကြိမ် အာဟာရကျွေးမွေးလျက်ရှိပါတယ်။ ဒါ့အပြင် အတည်ပြု လူနာတွေထဲက အခြေခံကျန်းမာရေး မကောင်းတဲ့သူတွေ၊ အောက်စီဂျင် ကျတဲ့လူတွေ ရှိခဲ့လို့ရှိရင် အရေးပေါ်ကုသရေး စင်တာ (၄)ခုကိုလည် ထားရှိပြီးဖြစ်ပါတယ် ၊ အဲဒီ (၄) ခု ကတော့ပြည်သူ့ဆေးရုံကြီး သံဃာဆောင်၊ တိုက်နယ်ဆေးရုံဖြစ်တဲ့ ကျောက်တန်း၊ ဆည်တို၊ နှောကန်တို့ဖြစ်ပါတယ်။ မှရိုးတိုက်နယ်ဆေးရုံမှာရှိတဲ့ အတည်ပြုလူနာ တွေဟာ ဆီးချို၊ နှလုံး သွေးတိုးအရသော် လည်းကောင်း၊ ဒီအပြင် အောက်ဆီဂျင် ကျပြီဆိုလျှင် Saving Mahlaing စေတနာ့ဝန်ထမ်းအဖွဲ့က ချက်ခြင်း Positive Center မှခေါ်ယူပြီး ကုသရေးစင်တာမှာ ကုသပေးလျက် ရှိပါတယ်။ လက်ရှိကုသရေး စင်တာမှာအောက်ဆီဂျင် ပေးထားရတဲ့လူနာ (၅)ဦး ရှိပါတယ်၊ ဒါလဲ စိုးရိမ်စရာ မရှိပါဘူး၊ မလှိုင်မြို့နယ်မှာ Quarantine Center(၉၈) ခုရှိပါတယ်၊ လက်ရှိ Quarantine ဝင်နေသူ(၆၇၁) ဦး ရှိပါတယ် ။ Quarantine သတ်မှတ်ထားတဲ့ အချိန်တွင်းမှာ သံသယရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာ (RDT Test Kit) စစ်ပါတယ် ၊ အတည်ပြုလူနာဖြစ်ရင် အဲဒီ Quarantine Center က အစစ်ခံထားရတဲ့ သူတွေကို မှရိုးတိုက်နယ် ဆေးရုံကို ပို့ပါတယ် ၊ ပုံမှန် ပြန်ကောင်းလာရင်လူနာတွေကိုဆေး ရုံမှဆင်း ခွင့်ပြုသွားမှာပါ ။
မေး။ မကြာသောကာလမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်၊ ကာကွယ်ဆေးထိုးနှံဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်ထား လဲဆိုတာကိုလည်း ပြောပြပေးစေ ချင်ပါတယ်ဆရာ-
ဖြေ။ ဟုတ်ကဲ့ပါ၊ ကျနော်တို့ မြို့နယ်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်နေ ပါတယ်၊ ကာကွယ် ဆေးရဲ့သတ်မှတ်ချက်အတိုင်း လူဦးရေအုပ်စု အလိုက် ထိုးမဲ့အရေအတွက်က (၁၂ဝ,ဝဝဝ) ကျော်ရှိပါတယ် ၊ ဒုတိယအကြိမ် ထိုးတဲ့နေရာမှာ စနစ်တကျဖြစ်စေဖို့ ဒီနေ့မနက်မှာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့ပါတယ် ၊ ပထမဦးစားပေးအနေနှင့် အသက်(၆၅)နှစ်နှင့်အထက် ပုဂ္ဂိုလ်တွေကိုဦးစားပေးထိုးမှာပါ၊ ဒီစာရင်းဇယားကိုလည်း လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က စာရင်းယူပါ့မယ် ၊ စာရင်းများကိုစနစ်တကျ စီစစ်ပြီး QR Code ရရင် သက်ဆိုင်ရာ ဆေးထိုးမည့်သူတွေဆီဖြန့်ဝေပေးသွားမှာဖြစ်ပါတယ် ။ ဒါအပြင့်လူအများနှင့် ထိတွေ့ ဆက်ဆံရတဲ့ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့၊ အဆင့်ဆင့်လိုက် အုပ်စုခွဲပြီးထိုးနှံ သွားဖို့စီစဉ် ထားပါတယ်၊ ယခင် ဆေးထိုးပြီးသားစာရင်း မထပ်စေရန်လည်း ညွှန်ကြားထားပါတယ်၊ မေတ္တာရပ်ခံချင်တာကတော့ ကာ ကွယ်ဆေး ထိုးကြပလို့ တိုက်တွန်းချင်ပါတယ် ။
မေး။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိလာရင် ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း သိချင်ပါတယ်ဆရာ-
ဖြေ။ ဟုတ်ကဲ့ပါ ကိုဗစ်ရောဂါလက္ခဏာ တစ်ခုခုခံစားရပြီဆိုရင် မကြောက်ပါနှင့် ၊ ပုန်းလဲပုန်း မနေပါနှင့် တစ်ဖက်လူကို ပြောဖို့ကိုလည်း မငြင်းဆန်ပါနှင့်လို့ပြောလိုပါတယ်၊ မိသားစုကိုပြောပါ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုပြောပါ ၊ နီးစပ်ရာ ကျန်းမာရေးဌာနကို အသိပေးပါ ၊ Call Center တွေလည်း ဖွင့်ထားပါတယ် ၊ နောက်ဆုံးတော့ မြို့နယ်အဆင့်ကို ရောက်လာမှာဖြစ်ပါတယ် ၊ အောက်ခြေရဲ့ အခြေအနေမှန်ကိုသိမှသာ စီမံနိုင်တာဖြစ်လို့ အထူးမေတ္တာရပ်ခံချင်တာက သတင်းပေးပါ ၊ ချက်ချင်းဆောင်ရွက် ပေးပါမယ်လို့ ပြောချင်ပါတယ် ။
မေး။ မင်္ဂလာပါဆရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကျနော်တို့မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အခြေအနေကို ပြည်သူအများသိရှိအောင် မြို့နယ်ကျန်းမာရေး ဦးစီဌာနမှူးဒေါက်တာ တင်ဇော်ဝင်းမှ ရှင်းပြ ပေးစေ ချင်ပါ တယ်ဆရာ-
ဖြေ။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ - ကျနော်ကတော့မလှိုင်မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဖြစ်ပါတယ်၊ ပြည်သူ့ကျန်း မာရေးရော ကုသရေးရောနှစ်မျိုးလုံးဆောင်ရွက်နေရသူဖြစ်ပါတယ် ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ပတ်သက်၍ ရှင်း ပြချင်ပါတယ် ၊ ကျန်းမာရေးစောင့်ရှောက်မှုက နှစ်ပိုင်းရှိပါတယ် ၊ ရောဂါရှိတဲ့သူတွေဖေါ်ထုတ်ခြင်းနှင့် ကုသခြင်းပဲဖြစ်ပါတယ်။ ရှာဖွေဖေါ်ထုတ်တဲ့ အပိုင်းမှာ တခြားမြို့နယ်တွေက ပြန်လာတဲ့သူတွေ အထူးသဖြင့် Stay at Home ဒေသမှ ပြန်လာသူတွေကို Quarantine ထားစောင့်ကြည့်ပြီး စစ်ဆေးမှုလုပ်ပေးရပါတယ် ၊ ရောဂါပိုးရှိတဲ့သူ တွေနှင့် ထိစပ်တဲ့သူတွေကို သီးသန့်ခွဲထားပြီး စစ်ဆေးမှုတွေပြုလုပ်ရပါတယ်၊ ကိုဗစ်ရောဂါ လက္ခဏာ တစ်ခုခုနှင့် လာရောက်ပြသတဲ့သူတွေကိုလည်း စစ်ဆေးမှုလုပ်ရပါတယ်၊ ဒီနည်း(၃) နည်းနှင့် ရောဂါရှိတဲ့သူတွေကို ရှာဖွေဖေါ်ထုတ်ရပါတယ်။ ကုသပေးခြင်း အပိုင်းအနေနှင့် ကတော့ ကျနော်တို့ မြိုနယ်မှာ ကုတင်(၅ဝ)ဆန့် မြို့နယ်ဆေးရုံ (၁)ရုံ ၊ (၁၆) ကုတင်ဆန့် တိုက်နယ်ဆေးရုံ (၃)ရုံ ရှိပါတယ် ။ ဒီဆေးရုံ(၄)ခု မှာကုသပေးနေပါတယ် ။ သာမန်ဆိုရင် တိုက်နယ်ဆေးရုံတွေမှာ ထားပြီး အရမ်းပြင်းထန်တဲ့ လူတွေကိုမြို့နယ်ပြည်သူ့ဆေးရုံ ကိုလွှဲပြောင်းပြီး ကုသပေးနေပါတယ် ။ ရောဂါ ဖြစ်တဲ့သူတွေများ လာတဲ့အခါ ရောဂါလက္ခဏာ မပြတဲ့ အတည်ပြုလူနာတွေ ၊ မစိုးရိမ်ရတဲ့ လူနာတွေကို မဖွင့်ရသေးတဲ့ မှရိုးတိုက်နယ်ဆေးရုံ အသစ်မှာ ကုတင်(၁ဝဝ)ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါတယ် ။
မေး။ ကိုဗစ်-၁၉ ရောဂါဝင်လာပြီဆိုလျှင် ဘယ်လိုမျိုးရောဂါလက္ခဏာပြတတ်ပါသလဲ ၊ ဘယ်လို ပြုမူ နေထိုင်ရ မလဲ ဆိုတာလည်း ရှင်းပြပေးစေချင်ပါတယ်ဆရာ -
ဖြေ။ ကိုဗစ်ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲကိုဝင်လာပြီးပြီးချင်း ရောဂါလက္ခဏာ မပြတတ်ပါဘူး ၊ အနည်းဆုံး (၃)ရက်မှ (၅)ရက်အထိ ကြာမှ ရောဂါလက္ခဏာပြပါတယ်၊ ကိုယ်ပူမယ်၊(၁ဝဝ.၄ ) ဒီဂရီဖာရင်ဟိုက်၊(၃၈) ဒီဂရီ စင်တီဂရိတ် ထက် ပူမယ်၊ကိုယ်တွေ လက်တွေကိုက်မယ်၊ ညောင်းမယ်၊ နှာမွှန်မယ် ၊ချောင်းဆိုးမယ် ၊ ရက်အနည်းငယ်ကြာလာရင် အသက် ရှု ရတာမောမယ် ၊ ကြပ်မယ်၊ လည်ပင်းနာမယ် ၊အနံ့ပျောက်မယ် ဒီလိုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပြုမူ နေထိုင်ရမလဲဆိုရင် နေမကောင်းတာ တစ်ခုခု ဖြစ်ပြီဆိုတာနှင့် ကိုယ့်ကိုကိုယ် ကိုဗစ် သံသယ မှတ်ပြီး အရင်ဆုံး မိသားစု၊ လုပ်ဖေါ်ကိုင်ဖက်များနှင့် ခွဲနေပါ၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတဲ့အတွက် မဖြစ်အောင်တော့ ကာကွယ် ဖို့လိုပါတယ် ၊ ကာကွယ်ရမည့်နည်းလမ်းတွေက နှာခေါင်းစည်းတပ်မယ်၊ ခပ်ကျဲကျဲနေမယ်၊ အနည်းဆုံး(၆)ပေ ခြားပြီး စကားပြောရမယ် ၊ လက်ကို ခဏခဏ ဆေးရမယ် ၊ လူစုလူဝေးရှောင်ကျဉ်ရမယ် ၊ ရောဂါ သံသယရှိသူနဲ့ အတူမနေပါနှင့် ရောဂါလက္ခဏာ ပေါ်လာပြီဆိုရင်လည်း အရေးကြီးဆုံးနံပါတ်(၁)အချက်က သိတာနှင့် ခွဲနေရပါမယ်၊ ခွဲပြီးရင် နီးစပ်ရာ ကျန်းမာရေးဌာနသို့လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များသို့လည်းကောင်း၊ တစ်ဆင့်အကြောင်းကြားပြီး စနစ်တကျစစ်ဆေးကာ စောစီးစွ ကုသဖို့လိုပါတယ် ။
မေး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေမှာရော ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ ၊ဆောင်ရန်၊ ရှောင်ရန်အချက်လေးလဲ ပြောပြပေးစေချင်ပါတယ်ဆရာ -
ဖြေ။ ကိုဗစ် ရောဂါမှာအပိုင်း နှစ်ပိုင်းရှိပါတယ် သာမန်လက္ခဏာနှင့် ပြင်းထန်တဲ့လက္ခဏာ တွေပါ ၊ ပြင်းထန်တယ်ဆိုတာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ ဖြစ်ပွားတဲ့လက္ခဏာပါ၊ ပြင်းထန်တဲ့ လက္ခဏာကတော့ အသက်ရှူကြပ်မယ်၊ ရင်ဘတ်တွေအောင့်မယေ၊ သတိမကောင်းတော့ဘူး၊ ကယောင်ကတန်ဖြစ်မယ်၊ ကိုယ့်ကိုကိုယ်မထူနိုင် လမ်းမလျှောက်နိုင်လောက်အောင် ပျော့ခွေ သွားမယ်၊ အစာမဝင်တော့ဘူး ၊ သွေးထဲမှာ အောက်စီဂျင်ပမာဏ ဘယ်လောက် ရှိလဲဆိုတာ တိုင်းကြည့်ရင် (၉၄) ရာနှုန်းထက် နည်းမယ်ဆိုရင် အန္တရာယ်ရှိ တဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ် ၊
မေး။ အခုချိန်မှာ တွေ့ရတတ်တဲ့ ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာဟာ ဆင်တူတဲ့သဘော ရှိပါတယ်ဆရာ၊ ဒီအတွက် ဘယ်လိုမျိုးကွဲပြားခြားနားလည်း ဆိုတာ ရှင်းပြ ပေးစေချင်ပါတယ် -
ဖြေ။ ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာဟာ တော်တော်များများ ဆင်တူပါတယ်၊ အစောပိုင်းမှာ ခွဲခြားဖို့ အတော်လေးခက်ပါတယ် ၊ ကိုယ်ပူမယ်၊ချေုာင်းဆိုးမယ် ၊ နှာစေးမယ် ၊ ကိုက်ခဲမယ် ၊ လည်ချောင်းနာတတ်ပါတယ်၊ နှာရည်တွေကျတတ်ပါတယ်၊ ဒါတွေ အားလုံး တူပါတယ် ၊ မတူတာကတော့ ဖြစ်ပွားတဲ့ကာလပါ ရာသီတုပ်ကွေးရောဂါသည် ရက်တိုပါတယ် ၊ အနည်း(၃)ရက်နှင့်အများဆုံး (၅) ရက်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ် ၊ ကိုဗစ်ကတော့ (၁ဝ) ရက် (၁၄) ရက်အထိ ရောဂါလက္ခဏာတွေ ဖြစ်တတ်ပါတယ် ၊ ကိုဗစ်မှာ ထူးခြားတာ တစ်ခုက အနံ့ပျောက်တာပါ ရာသီတုပ်ကွေးမှာ အနံ့ပျောက်တယ်မရှိပါဘူး ၊ ကိုဗစ်မှာပဲ ရှိပါတယ် ကျန်တာတွေက ခွဲခြားဖို့ခက်ပါတယ် စောင့်ကြည့် ခွဲခြားဖို့လိုပါတယ် ။
မေး။ ကိုဗစ်ရောဂါဟာ အောက်ဆီဂျင်လိုအပ်တဲ့ရောဂါလို့ သိရပါတယ်၊ ဒါကြောင့် ကျနော်တို့ မြို့နယ်မှာ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ သိချင်ပါတယ်ဆရာ -
ဖြေ။ ကိုဗစ်ရောဂါကို အပိုင်း(၃)ပိုင်း ခွဲခြားထားပါတယ်၊ ပထမအပိုင်းကတော့ သာမန်လက္ခဏာ တွေနဲ့ပြီးသွားပါတယ်၊ (၈ဝ) ရာခိုင်နှုန်းလောက်ပါ၊ (၁၅) ရာခိုင်နှုန်းလောက်ကတော့ ပြင်းထန် ပါတယ် အဲဒီ (၁၅) ရာခိုင်နှုန်းလောက်ကတော့ အောက်ဆီဂျင် လိုအပ်ပါတယ်၊ ဆေးရုံတက်ရပါတယ် ၊ နောက်ထပ် (၅) ရာခိုင်နှုန်းကတော့ အရမ်းကို ဆိုးဝါးတဲ့ အဆင့်ပါ ၊ အထူးကြပ်မတ်ခန်းမှာ ကုရတဲ့အဆင့်ပါ၊ ဒါကြောင့် အောက်ဆီဂျင်ဟာ အဓိက အခန်းမှ ပါဝင်နေပါတယ်၊ ဘာ ဖြစ်လို့လဲ ဆိုတော့ အောက်ဆီဂျင်ကျတာ စောစောသိရင် မြန်မြန်ဆန်ဆန်အောက်ဆီဂျင်ပေးပြီး ကုသလိုက်လို့ ရပတယ်၊ ကောင်းသွားတာများပါတယ် ၊ အောက်ဆီဂျင်ကျတာမသိလိုက်ပဲ ရက်တွေကြာမှ ဆေးရုံကိုရောက်လာရင် ကုသရခက်ပါတယ်။ ကျနော်တို့မြို့နယ်အနေနှင့် အောက်ဆီဂျင် အတတ်နိုင်ဆုံး ဆောင်ထားပါတယ်၊ အောက်ဆီဂျင်အိုး တွေရှိပါတယ်၊ မြို့နယ်၊ တိုက်နယ်ဆေးရုံမှာ အားလုံးပေါင်း အိုးကြီး၊ အိုးသေး(၁ဝ/၁၅) လုံးရှိပါတယ် ၊ အောက်ဆီဂျင်စက် (Oxygen Concentrator) မြို့နယ်နှင့်တိုက်နယ်ဆေးရုံတွေမှာ ရှိကြပါတယ်။ နယ်တွေဖြစ်တဲ့အတွက် အောက်ဆီဂျင်အိုးတွေကို အလွယ်တကူပြန်ဖြည့်ဖို့ အခက်အခဲရှိတဲ့အတွက် အောက်ဆီဂျင်စက်ကိုပဲ အဓိက အားကိုးပါတယ် ၊ မြို့နယ်ဆေးရုံမှာ အောက်ဆီဂျင်ရှူနေတဲ့သူ(၅)ဦးရှိပါတယ် ၊ (၅)ဦးရဲ့ အောက်ဆီဂျင် ပေးရတဲ့နှုန်းသည် တစ်နေ့လီတာ (၂ဝဝဝဝ) လောက်ရှိပါတယ်၊ အိုးကြီး(၄)လုံး လောက်ရှိပါတယ်၊ ဒါကိုကျနော်တို့ Oxygen Concentratorနဲ့ပေးနေတာ ဖြစ်ပါတယ် ၊ အိုး တွေကို အရမ်းဆိုးတဲ့ လူနာတွေအတွက် ဆောင်ထားပါတယ်၊ နောက်ထပ်အလှူရှင်ရှာပြီး Concentrator ဝယ်ဖို့ ဆောင်ရွက်နေတာလည်းရှိပါတယ် ။
မေး။ ကာကွယ်ဆေး(၂) ကြိမ် ထိုးပြီးသားသူတွေမှာ ရောဂါကို ဘယ်လောက်ထိကာကွယ်နိုင်တယ် ဆိုတာကိုလည်း သိပါရစေဆရာ -
ဖြေ။ ဟုတ်ကဲ့ပါ ၊ ကျနော်တို့မြို့နယ်မှာ ကာကွယ်ဆေးတစ်သုတ် ထိုးပြီးသွားပါပြီ၊ လူဦးရေ (၄ဝ၄၉) ဦး ရှိပါတယ်၊ ကာကွယ်ဆေးရဲ့ သဘောသဘာဝက ရောဂါပိုးဝင်တာကို ကာကွယ်တာ မဟုတ်ပါဘူး၊ ရောဂါပိုးကတော့ ဝင်နိုင်ပါတယ်၊ မဝင်အောင်ကာကွယ်တာက တစ်ကိုယ်ရေ ကာကွယ်ရေး နည်းလမ်းများမှသာ မဝင်မှာပါ၊ ကာကွယ် ဆေးထိုးပြီးသားဆိုပြီး တစ်ကိုယ်ရေ ကာကွယ်ရေး နည်းလမ်းတွေကို ဖြုတ်လို့မရပါဘူး၊ နေချင်သလိုနေလို့ မရပါဘူး ၊ ကာကွယ်ဆေးက ဘာလုပ်ပေးလဲဆိုရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်သွားရင် ရောဂါရဲ့ပြင်းထန်မှုကိုသာ လျှော့ချပေးခြင်း ဖြစ်ပါတယ် ၊ ကာကွယ်ဆေးအမျိုးမျိုးရှိပါတယ် ၊ အကျိုးသက်ရောက်မှု အာနိသင် ပမာဏကလည်း အစားစားရှိပါတယ် ၊အများဆုံး (၉၅) ရာခိုင်နှုန်းလောက်ထိ အာနိသင်ကောင်းတဲ့ ဆေးတွေရှိပြီးတော့ တစ်ချို့က အနည်းဆုံး(၆၅) ရာနှုန်းအထိ ရှိပါတယ် ။
မေး။ နောက်ဆုံးအနေနှင့် ဆရာကြီး ဖြည့်စွက်မှာကြားလိုတာရှိရင် လည်း ဖြည့်စွက်မှာကြား ပေးစေချင်ပါတယ်ဆရာ-
ဖြေ။ ဖြည့်စွက်မှာကြားချင်တာက အပိုင်း(၄)ပိုင်း ရှိပါတယ် ၊ ပျံ့နှံ့မှု အပိုင်းကို ပထမပြောချင် ပါတယ် ၊ ကိုဗစ်ရောဂါ သည် တစ်ကမ္ဘာလုံး နိုင်ငံအားလုံးနီးပါး ပျံ့နှံ့နေပါတယ်၊ နောက်တစ်ခုက ဒီလိုပျံ့နှံ့မှု ဖြစ်သွားရင် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ကြာပါတယ် ၊ ဘာလို့လဲဆိုတော့ ရောဂါ အသစ်ဖြစ်လို့ ဒီရောဂါအသစ်ကို ခံနိုင်တဲ့ကိုယ်ခံအားတွေ မရှိသေးပါဘူး လူတိုင်းအားလုံး နီးပါးကူးနိုင်ပါတယ် ၊ ကူးပြီးမှရောဂါကိုယ်ခံအားတွေဝင်သွားမှာပါ ဝင်သွားပြီးမှ ဒီရောဂါ ငြိမ်သွားမှာပါ ၊ဒါကြောင့် တစ်နှစ်ကျော် နှစ်နှစ်ကြာပါတယ် ၊နမူနာတွေရှိပါတယ် ၁၉၁၈-၁၉၂၀ မှာ ဖြစ်ခဲ့တဲ့ စပိန်နိုင်ငံတုပ်ကွေး ရောဂါ ၊ ၁၉၅၇ - ၁၉၅၈ မှာ အာရှတုပ်ကွေးရောဂါတွေဖြစ်ခဲ့ပါတယ် ၊ အဲဒီရောဂါတွေဟာ တစ်နှစ်ကျော် နှစ်နှစ်ကြာတာချည်း ပါပဲ ၊ ကိုဗစ်ဆိုရင်လည်း တစ်နှစ် ကျော်လာပါပြီ၊ ပျံ့နှံ့မှုရဲ့ သဘောတရားအရ လူဦးရေရဲ့(၇ဝ)ရာခိုင်နှုန်း လောက် ကိုယ်ခံအားတွေ ရှိပြီးမှ ဒီရောဂါငြိမ်သွားမှာပါ ၊ ဒုတိယအချက်အနေနှင့် အဓိကကတော့ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုသည့်အတိုင်း၊ ကာကွယ်တာက အကောင်းဆုံးပါ၊ ကာကွယ်တဲ့ နေရာမှာ ခန္ဓာကိုယ်ထဲကို ရောဂါပိုး မဝင်လာရင် အကောင်းဆုံးပါ ၊ သံသယလက္ခဏာတွေ့ရင်လည်း စောစောစီးစီး ခွဲနေမယ် ၊ နီးစပ်ရာ ကျန်းမာရေးဌာန ၊ တာဝန်ရှိသူတွေကို သတင်းပို့ပြီး စောစောကုသရင် သေဆုံးနှုန်းတွေ ကျလာမှာပါ ၊ ကူးစက်မှုတွေလျော့လာမှာပါ ၊အဓိကက လျှော့ချဖို့ပါ၊ လျှော့ချမှ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ တတိယအချက်က ကိုဗစ်ကို စစ်ဆေးတဲ့ အပိုင်းပါ ၊ တစ်ခုက PCR လို့ခေါ်ပါတယ်၊ ဗီဇ (Gene) ကိုစစ်တာပါ ၊ နောက်တစ်ခုက အလွယ်တကူ စစ်လို့ရတဲ့ RDT Test ပါ ၊အကောင်း ဆုံး စစ်တာက PCR ပါပဲ PCR ကတော့အချိန် တစ်ခုယူရပါ တယ် ၊ RDT Test ကရောဂါရှာဖွေနှုန်းသိပ်မကောင်းပါဘူး ၊ရာနှုန်းပြည့်မမှန်နိုင်ပါဘူး ကျနော်တို့ ကြောက်တာက RDT Test နှင့် စစ်ပြီး Negative ထွက်တယ်၊ ပိုးမရှိဘူး ထင်၍ လျှောက်သွား တာမျိုး ရှိနိုင် တဲ့အတွက် ၊ ရောဂါဖြန့်ပြီးသားဖြစ်နိုင်ပါတယ် ၊ဒါကြောင့် RDT Test နှင့်စစ်ပြီး Negative ထွက်ရင်လည်း ခွဲခြားနေဖို့ လိုပါတယ် ၊ စတုတ္ထအချက်အနေနှင့် ကုသမှုပါ ကုသမှု အနေ နှင့်ကတော့(၈ဝ) ရာနှုန်းက တော့ သာမန်လောက်နဲ့သော်လည်းကောင်း၊ ရောဂါလက္ခဏာ မပြပဲ ကောင်းသွားပါတယ ၊ သေဆုံးနှုန်းကတော့ ကမ္ဘာ့ စစ်တမ်းများအရ(၃) ရာနှုန်းလောက်ပဲ ရှိပါတယ်၊ မဖြစ်တာအကောင်းဆုံးပါ၊ အများစုကောင်းတယ်ဆိုပြီး ပေါပေါ့ဆဆမနေသင့်ပါ ကိုဗစ်နှင့် ပတ်သက်ပြီး ခြုံငုံပြောမယ်ဆိုရင် မိမိကစ ၍ ကာကွယ်ပါလို့ပြောချင်ပါတယ် ။
ယခုလို မအားလပ်တဲ့ကြားက အချိန်ပေး ဖြေကြားပေးတဲ့အတွက် ဆရာဦးစိုးမင်းထက်နှင့် ဒေါက်တာ တင်ဇော်ဝင်းတို့ကို အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ။
အောင်ဌေး