ပေါင် ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသခံပြည်သူများအား ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က ရင်းငြိမ်ကျေးရွာရှိ အထက(ရင်းငြိမ်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များနှင့် ရင်းငြိမ်ကျေးရွာမှ တာဝန်ရှိသူများတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ် (၅) ရပ်သတ်မှတ်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါနေ့တွင် အထက(ရင်းငြိမ်)ကျောင်း စုရပ်၌ ဒေသခံပြည်သူ စုစုပေါင်း ၁၁၂ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။