သံတွဲ ဇူလိုင် ၃၀
သံတွဲမြို့နယ်၌ ဇူလိုင်လ (၂၆) ရက်နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဇူလိုင်လ(၂၉) ရက်နေ့နံနက်(၁၁)နာရီအချိန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှ သံတွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေဘေးသင့်ပြည်သူ့များသို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော စောင် ၊ ခြင်ထောင်(၅၀၀)ထည် ၊ နှာခေါင်းစည်း Mask (၁၅၀၀၀)ထုပ် ၊ ဆပ်ပြာ (၁၀၀၀) တောင့် ၊ ခေါက်ဆွဲခြောက် (၁၅၀၀၀)ထုပ်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးအပ်သော တစ်ပတ်စာ ရိက္ခာ ဆန် ၊ ဆီ ၊ ဆား၊ ကြက်သွန်များကို အမှတ်(၁) ရပ်ကွက်ရှိ အိမ်ထောင်စု (၆၀)စု ၊ အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောက်စု (၂၅)စုနှင့်အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၀၀)စု ၊ ကညင် ကွင်းကျေးရွာရှိ အိမ်ထောင်စု(၆၀)စု၊ ပေါက်တူး ကျေးရွာရှိ အိမ်ထောင်စု(၂၂)စု၊ ရှင်အောင်ကျေးရွာရှိ အိမ်ထောင်စု(၆၀)စု၊ တလင်းဆိတ်ကျေးရွာရှိ အိမ်ထောင်စု(၅၀)စု၊ အံတော်ကျေးရွာရှိ အိမ်ထောင်စု (၄၁)စု၊ ဥယျာဉ်ကွင်းကျေးရွာ ရှိအိမ်ထောင်စု(၆၀)စုနှင့်ပဒဲကောကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၇၄)စု၊ စုစုပေါင်းအိမ်ထောင်စု (၇၅၂)အုပ်စု ၊ လူဦးရေ(၃၁၂၃)ဦးတို့အတွက် တာဝန်ရှိသူများက ပေးအပ်ရာ ရေဘေးသင့်ပြည်သူများ မှလက်ခံရယူခဲ့ကြောင်းသိရသည်။