ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ရောက်ရှိ

လားရှိုး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လားရှိုးမြို့သို့ရောက်ရှိလာရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများကလက်ခံရယူခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ သို့ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်များသို့ ဇူလိုင်လ(၃၀)ရက်နေ့မှစတင်ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့မှ ဦးစားပေး အဆင့်အလိုက် ကောက်ယူထားသော ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်သည်။

လားရှိုးမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၈)နာရီမှ စတင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ဆင်းရွှေလီ ဘိုးဘွားရိပ်သာ၊ အရှေ့ခါးရိုးကျောင်းတိုက်နှင့် ပန်အုတ်ကျောင်းတိုက် တို့တွင်အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ သိရသည်။

ဥမ္မာချို