မောင်တော ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရန် အချက်အလက်များနှင့် ကူညီ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန မောင်တော ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြီးတို့မှ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သော ကျေးရွာများအား ဆန်တစ်ပတ်စာ ထောက်ပံ့ ပေးအပ်ခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ လမ်းဦးစီးဌာနမှ တာဝန်ရှိသူမှ ရေလွှမ်းမိုး ခဲ့မှုကြောင့် လမ်းတံတားများ ပျက်စီး ဆုံးရှုံးခဲ့မှုအခြေအနေများ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး အခြေအနေ များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများ အလိုက် ဆောင်ရွက်နေမှုအခြေအနေများ ဝိုင်းဝန်း ဆွေးနွေးကြရာ လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး