ဗိုလ်တထောင်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှဦးဆောင်၍ အောက်ဆီဂျင်များဖြန့်ဝေ

ရန်ကုန်   ဇူလိုင်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မိဘ ပြည်သူများ အနေဖြင့် လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်များ အခက်အခဲမရှိ ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်များကို ယမန်နေ့နံနက် ( ၁၁ ) နာရီအချိန်က စတင်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အမှတ်(၄)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ( ၄၀ )လီတာဆံ့အောက်ဆီဂျင်အိုး(၁၀)လုံး ၊(၁၀) လီတာနှင့် (၁၅) လီတာဆံ့ (၃၀)အိုးတို့အား  ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်ပေါင်း (၁၂)ရပ်ကွက်အနက် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ် (၁၀)ရပ်ကွက် များနှင့် ရဲရိပ်သာရပ်ကွက်များရှိ အောက်ဆီဂျင်လိုအပ်သူများထံသို့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့်လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ ပေးပို့ထားသည့် စာရင်းများအရလည်းကောင်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

ထို့နောက် ဗိုလ်တစ်ထောင်မြို့နယ်မှ ခွဲတမ်းရရှိသည့် အောက်ဆီဂျင်များအနက်( ၄၀) လီတာဆံ့ အောက်ဆီဂျင် (၁၀) လုံးအား တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ စက်မှုဇုံ ၆ လမ်း၊ အမှတ် (၅/က)ရှိ ရွှေပြည်ညွန့် အောက်ဆီဂျင် စက်ရုံမှလည်းကောင်း၊ ၁၀ လီတာနှင့် ၁၅ လီတာဆံ့ အောက်ဆီဂျင်ဓာတ်ငွေ့များအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုံ(၁)လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ အမှတ်(၄၄၂)ရှိ "ဧရာစံ" အောက်ဆီဂျင်စက်ရုံမှ လည်းကောင်း မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ကိုယ်စားလှယ်လွှဲစာဖြင့် သွားရောက်ထုတ်ယူကာ  မြို့နယ်အတွင်းယခုလို ပြန်လည်ဖြန့်ဝေပေးနိုင်ခဲ့ပြီး (၄၀) လီတာဆံ့ အောက်ဆီဂျင် ဓာတ်ငွေ့တစ်အိုးလျှင် မြန်မာငွေကျပ် (၁၀၀၀၀) ၊ (၁၅) လီတာဆံ့တစ်အိုးလျှင် မြန်မာငွေကျပ်( ၅၀၀၀) ၊ (၁၀) လီတာဆံ့ တစ်အိုးလျှင်မြန်မာ​ငွေကျပ် ( ၃၅၀၀) ဖြင့် လည်းကောင်း စက်ရုံမှ ထုတ်ယူသည့်ဈေးအတိုင်း အသီးသီးပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)