ကျောက်တန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ (၂) ရုံ ဩဂုတ်လအတွင်း တည်ဆောက်မည်

ကျောက်တန်း  ဇူလိုင်  ၂၉

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများလည်း မြင့်တက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်  လိုအပ် လျက်ရှိသော အောက်ဆီဂျင်ရရှိရေးအတွက်  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များမှအလှူငွေများနှင့်Oxygen Plant (၁)စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျောက်တန်းမြို့နယ်တွင် လှူဒါန်းရရှိသော အလှူငွေများနှင့် ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ Oxygen Plant (၁)စုံ ဝယ်ယူခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်း၊ လိုအပ်ပါက ထရန်စဖော်မာတည်ဆောက်ခြင်း၊ စက်ရုံ စနစ်တကျ လည်ပတ်နိုင်ရန် ပညာရှင်နှင့်ဝန်ထမ်းငှားရမ်းခြင်း၊ ရေရှည်ထိန်းသိမ်း ပြင်ဆင်နိုင်ရေးတို့အတွက် ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းများ စနစ်တကျအသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အောက်ဆီဂျင်စက်ရုံ တည် ဆောက်ရေးကော်မတီထံမှ သိရသည်။ 

အဆိုပါ အောက်ဆီဂျင်စက်ရုံအား ဩဂုတ်လအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊စက်ရုံအား ဩဂုတ်လ စတုတ္ထပတ်တွင် စတင်လည်ပတ်၍ အောက်ဆီဂျင်ထွက်ရှိ ဖြန့်ဖြူးပေးနိုင်ရေး မျှော်မှန်း  ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံတည်‌ဆောက်ပြီးပါက စက်ရုံတစ်ရုံမှ တစ်ရက်လျှင် ၄၀ လီတာအိုး ၈၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်းနှင့်မြို့နယ်အတွင်းရှိပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုကို လုံလောက်စွာဖြန့်ဝေ ပေးနိုင် မည်ဖြစ်ပါကြောင်း၊ စက်ရုံမလည်ပတ်မီ လတ်တလော အောက်ဆီဂျင်လိုအပ်ချက်အား အထိုက်အလျောက် ဖြည့်ဆည်း ပေးနိုင်ရေးအတွက်   မြို့နယ်ကော်မတီမှ  အောက်ဆီဂျင် Concentrater    လုံး မှာယူ ထားပြီးဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ကျောက်တန်းမြို့နယ်တွင် အလှူရှင်ဦးအေးဟန် ( UPG ကုမ္ပဏီပိုင်ရှင် )မှ လှူဒါန်းသော Oxygen Plant(၁)စုံအား မြို့နယ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုမည်ဖြစ်ပြီးအများပြည်သူလှူဒါန်းငွေဖြင့်ဝယ်ယူသော Oxygen Plant အား ကိုဗစ်- ၁၉ ယာယီကုသရေးစင်တာ( ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် တပ်ဆင် အသုံးပြု သွားမည်ဖြစ်ကြောင်း  မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီထံမှ သိရသည်။ 

ကျောက်တန်းမြို့နယ်တွင် Oxygen Plant(၁)စုံ ဝယ်ယူရန် အလှူရှင်မြို့သူ/သားများမှ ထည့်ဝင်လှူဒါန်းငွေ  ၁၇၄၅ သိန်း ၊ ၅ သောင်း ၊ ၇  ‌ထောင် ရရှိပြီဖြစ်ပြီး  အဆိုပါ အောက်ဆီဂျင်စက်ရုံ (၂) ရုံ တည်ဆောက်ပြီးစီးပါက ကျောက်တန်းမြို့နယ်အတွင် အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

ခင်ဆွေဝင်း  (ကျောက်တန်း)