ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဥတ္တရသီရိမြို့နယ် ခုတင်-၅၀ ပြည်သူ့ဆေးရုံမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူဒေါက်တာ လင်းပြည်သိမ်းနှင့် တွေ့ဆုံးမေးမြန်းခြင်း

မေး  -  ဥတ္တရသီရိမြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိပါရစေရှင့် ။

ဖြေ  -   ကျွန်တော်တို့ ဥတ္တရသီရိမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Hospital Quarantine Center (၁)ခု၊ Hotel Quarantine Center (၅)ခု၊ နေပြည်တော်အဝင်အထွက် ပန်းတင် စစ်ဆေးရေးဂိတ်(၁)ခု စတာတွေဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်နေပါတယ် ။

မေး  -  ကိုဗစ်-၁၉ သံသယလူနာတွေကို စစ်ဆေးပေးနေမှုနဲ့ပတ်သက်ပြီး သတင်းစကားမျှဝေပေးပါရှင် ။

ဖြေ  -   သံသယလူနာတွေ စစ်ဆေးပေးနေမှုကတော့ နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့ စစ်ဆေးပေးနေပါတယ်၊ အခုတော့ နေပြည်တော်အတွင်းမှာ ကိုဗစ်-၁၉ သံသယ လူနာလို့ထင်တဲ့ ရောဂါလက္ခဏာတွေရှိသူများကို Community Based Test Center ဖွင့်ထားသော လယ်ဝေးအားကစားရုံမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်၊ နေ့စဉ် မနက် (၇)နာရီ တစ်ကြိမ်၊ မွန်းလွဲ (၁)နာရီ တစ်ကြိမ် စစ်ဆေးပေးနေပါတယ်၊ ၀၉-၈၈၀၈၃၇၃၅၃ သို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါတယ်။

မေး  -  ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို ဒေါက်တာတို့အနေနဲ့ ဆေးရုံတွေစင်တာတွေနဲ့ ဘယ်လို ချိတ်ဆက်ပြီး ပို့ပေးပါသလဲရှင်။

ဖြေ  -   Community Based Test Center က တွေ့တဲ့ Positive လူနာတွေကို သက်ဆိုင်ရာ နေပြည်တော်တွင် ဖွင့်လှစ်ထားသော Positive ကုသရေးစင်တာများနှင့် အသီးသီးချိတ်ဆက်၍ ပေးပို့ပါတယ် ။

မေး  -  ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရပါမလဲရှင် ။

ဖြေ  -   ကျွန်တော် ခုနက ပြောထားသလို မိဘပြည်သူများအနေနှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ စတင်ခံစားရသည်ဟု သတိထားမိပါက သတ်မှတ်ထားသော Community Based Test Center သို့ ဆက်သွယ်ပြီး ဆောလျှင်စွာ သွားရောက်စစ်ဆေး၍ ဆေးကုသမှု ခံယူသင့်ပါတယ် ။

မေး  -  ဘယ်လိုရောဂါလက္ခဏာမျိုး ပြသရင် စိုးရိမ်ရတဲ့ အခြေအနေလို့ ခေါ်ပါသလဲရှင် ။

ဖြေ  -   ရောဂါလက္ခဏာထက်စာရင် ကာယကံရှင်လူတစ်ဦးချင်းစီရဲ့ ရောဂါမဖြစ်ခင် ကျန်းမာရေးအခြေ အနေက ပိုအရေးကြီးပါတယ်၊ ဥပမာ- အသက်(၆၀)အထက်လူကြီးများ၊ နာတာရှည် ရောဂါအခံ ရှိသော လူများ၊ ကိုယ်ခံအားနည်းသော(သို့မဟုတ်) ကိုယ်ခံအားချထားသောဆေးများ သောက်သုံးရ သောသူများ စသည်ဖြင့် ကျန်းမာရေးအခြေအနေမကောင်းသူများသည် ပိုပြီးအန္တရာယ်ရှိပါတယ်၊ အရပ်ထဲတွင် ပြောကြသော ရာသီတုပ်ကွေး ချောင်းဆိုး၊ နှာ‌စေး၊ ကိုယ်ပူတက်၊ နုံးခွေ၊ အနံ့အရသာ ပျောက်ခြင်း စသော ရောဂါလက္ခဏာများကို ခုနက ကျွန်တော်ပြောထားတဲ့ လူတွေက ပေါ့ပေါ့ဆဆ တွေးပြီး စောစီးစွာ ကိုဗစ်-၁၉ စစ်ဆေးခြင်း မပြုလုပ်ဘဲ နေပါက အသက်အန္တရာယ် တွေ့နိုင်ပါတယ်။ မေးခွန်းမှာမေးထားသလို စိုးရိမ်ရတဲ့ အခြေအနေတွေက မောတာပိုဆိုးလာတယ်၊ အသက်ရှုရ ခက်တယ် စတဲ့လက္ခဏာတွေက အရမ်းအရေးကြီးပါတယ်၊ အဲဒီလိုလက္ခဏာတွေပြနေပြီဆိုရင် လူနာရဲ့အသက်အန္တရာယ် စိုးရိမ်နိုင်သောကြောင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သတ်မှတ် ထားသော နေရာတွင် ဆောလျင်စွာ စစ်ဆေးမှု ခံယူသင့်ပါတယ် ။

မေး  -  ပိုးတွေ့လူနာနဲ့ထိတွေ့တဲ့သူတွေကို Quarantine ဝင်ဖို့အတွက် စီစဉ်ထားရှိတဲ့ အခြေအနေများကို သိချင်ပါတယ်ရှင်။

ဖြေ  -   ပိုးတွေ့လူနာနဲ့ထိတွေ့တဲ့ Contact Person တွေကို Contact Quarantine Center ဆိုပြီး ဖွင့်လှစ်ထားရှိပါတယ်၊ ကျွန်တော်တို့ ဥတ္တရသီရိ ခုတင်(၅၀)မှာ ကျန်းမာရေးဝန်ထမ်း Contact Person တွေထားရှိပါတယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်မှာလည်း Public Contact Quarantine Center ထားရှိထားပါတယ် ။

မေး  -  ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့သူများကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုများ စီစဉ် ဆောင်ရွက် ထားပါသလဲရှင် ။

ဖြေ  -   ဥတ္တရသီရိမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၁-၈-၂၀၂၁)ရက်နေ့မှ စတင်ပြီး (၆-၈-၂၀၂၁) ရက်နေ့အထိ ထိုးနှံပေးမှာ ဖြစ်ပါတယ်၊ ဦးစားပေးထိုးနှံပေးမယ့် လူများကတော့ မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်၊ ထိုးနှံပေးမယ့်နေရာများကတော့ အ.ထ.က(မင်းကုန်း)မှာ (၁-၈-၂၀၂၁)မှ (၄-၈-၂၀၂၁) ရက်နေ့အထိဖြစ်ပြီး အ.ထ.က(၁၂)မှာ (၅-၈-၂၀၂၁)မှ(၆-၈-၂၀၂၁)ရက်နေ့ အထိ ဖြစ်ပါတယ်။

မေး  -  အခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါရှင်။

ဖြေ  -   ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ယခုတတိယလှိုင်းဟာဆိုရင် ကူးစက်နှုန်းအရမ်းမြန်ပါတယ်။ အဲဒီကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များကို ပြည်သူတွေအနေနဲ့ တိတိကျကျလိုက်နာ ဆောင်ရွက်ပေး ဖို့ လိုပါတယ်၊ ဥပမာ - လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဝေးဝေးနေပေးခြင်း စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မိမိအသိစိတ်နဲ့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်၊ ရောဂါလက္ခဏာပြလာပြီဆိုရင်လဲ အခြားသူများကိုမကူးဖို့ မိမိအသိနဲ့မိမိခွဲနေရန် ဦးစားပေး ဆောင်ရွက်ရပါမယ်၊ ပြီးရင် ညွှန်ကြားထားတဲ့အတိုင်း သတ်မှတ်ရာစစ်ဆေးပေးနိုင်သော နေရာများမှာ စနစ်တကျသွားရောက် စစ်ဆေးရပါမယ်၊ အခြားသူများကလည်း ထိုပိုးတွေ့လူနာများကို ဂရုစိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်  သတ်မှတ်ထားတဲ့ ကျန်းမာရေးဌာနများကို စနစ်တကျပို့ဆောင်ပေးရပါမယ် ။

 

တွေ့ဆုံမေးမြန်းသူ- သန်းသန်းနွယ် (ပြန်/ဆက်)