သုံးခွ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ သုံးခွ-သန်လျင် ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) ၄ ဒသမ ၉၄ ဧကရှိ ဘိုးဘွားရိပ်သာ၌ တစ်နေ့လျှင်အောက်စီဂျင် (၄၀)လီတာအိုး (၁၂၀)အိုး ဖြည့်တင်းပေးနိုင်သည့် အောက်ဆီဂျင်စက် ထားရှိရန် အဆောက်အဦ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ထားရှိမည့် အဆောက်အဦကို ဦးဆာသရား - ဒေါ်လာလီသာ မိသားစု (ရတနာတောင် ကုမ္ပဏီလီမိတက်)၊ စော်ဘွားကြီးကုန်း၊ အင်းစိန်၊ ရန်ကုန်မြို့မှ တစ်ဦးတည်းလှူဒါန်းခြင်းဖြစ်ပြီး ယခုခါအခါအဆိုပါစက်ရုံအား ဆောက်လုပ်လျက်ရှိရာ အောက်ဆီဂျင် စက်ထားရှိမည့်အဆောက်အဦမှာ ၅၀% တည်ဆောက် ပြီးစီးပြီဖြစ်သည်။
မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆောက်အဦ တည်ဆောက်ပြီး သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအပြင် အောက်ဆီဂျင် လိုအပ်သောနေရာများသို့ ဖြန့်ဖြူးသွားနိုင်မှာဖြစ်ကြောင်းနှင့် အောက်ဆီဂျင် စက်ရုံအား တစ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဘိုးဘွားရိပ်သာ တည်ဆောက်ရေးအဖွဲ့ ထံမှသိရသည်။