ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အောင်လံကျေးရွာရှိ ကွန်ကရစ်ခင်းခြင်း အရှည် ၅၁၀ ပေ၊ အကျယ် ၁၂ ပေ လုပ်ငန်းအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် တာတန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးမှ စီမံကိန်းသည် ကျေးရွာပြည်သူ လူထု၏ စည်းလုံးညီညွတ်မှု၊ မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည်ကို သိနားလည် ရန်နှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ပြီးလုပ်ငန်းများကို ရေရှည်တည်တံ့စွာသုံးစွဲနိုင်ရေး အတွက် ထိန်းသိမ်းသွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိစေ ရေး၊ လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် ကျေးရွာ တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနတာဝန်ရှိသူများမှ လုပ်ငန်းအရည်အသွေးနှင့် ရန်ပုံငွေလေလွင့်မှုမရှိစေရန် ကြီးကြပ်ခြင်းအား ဆောင်ရွက်ပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်တော့မည် ဖြစ်ကြောင်း သိရသည်။

အောင်ကို