ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်း လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင် 

သထုံ    ဇူလိုင်   ၂၉ 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယမန်နေ့နံနက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေ ရပ်ကွက်များအတွင်းသို့ ရေများ ဝင်ရောက်လာရာ ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူ တို့က ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။ 

မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာ အမှတ်(၆) ရပ်ကွက်၊ ဇီးကုန်းပိုင်းနှင့် အမှတ်(၂)ရပ်ကွက်၊ ကျားမနိုင်အပိုင်းတို့တွင် ရေအမြင့် (၄) ပေခန့် အထိ ဝင်ရောက်လာရာ ဘေးလွတ်ရာဖြစ်သည့် ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၁) ဦးနှင့် အထက(ခွဲ)ကျောင်း၌ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၂၁) စုမှ လူဦးရေပေါင်း (၉၆) ဦးတို့အား တာဝန်ရှိသူတို့က ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။