ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေး

​ကျောက်ဆည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Cash for Work စီမံကိန်းအရ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိပြီး မိသားစုများ အဆင်ပြေစေရေးနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများ၏လုပ်အားဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေး ရေနှုတ်မြောင်းများ အသစ်တူးဖော်ခြင်း၊ အဟောင်းများပြုပြင်၍ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေယူမြောင်းများအား တူဖော်ခြင်းနှင့်ကျေးရွာ သုဿန်မြေနေရာများသန့်ရှင်းခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ ပုထိုးနီကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ရွာတွင်းလမ်း အရှည်ပေ (၄၀၀)၊ အကျယ် (၁၁) ပေရှိသည့် လမ်းပိုင်းအား မြေသားအသစ် (၈) လက်မနှင့် ဂျင်းမြေ (၆) လက်မထု ထပ်ဆောင်းခင်းခြင်း၊ ပေအရှည် (၁၈၈၄) ပေ၊ အကျယ် (၉) ပေရှိ  လမ်းပိုင်းအား မြေသားအသစ် (၆) လက်မနှင့် ဂျင်းမြေ (၆) လက်မ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအပြင် အလျား (၉၀) ပေ၊ အနံပေ (၁၀၀)ရှိသည့် သုဿန်မြေနေရာရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာပြည်သူများ၏ ဝင်ငွေတိုးပွားလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်ကျေးရွာများမှာ စိုင်မလန်းကျေးရွာ၊ ရွာဘိုးကျေးရွာ၊ ရှမ်းသူငယ်ကျေးရွာ၊ ဒါန်းတိုင်ကျေးရွာ၊ သာစည်ကျေးရွာ၊ အရှေ့ရေပြားတောကျေးရွာ၊ ဘိုးတိုင်ပေါက် ကျေးရွာ၊ မြင်းတွင်းကျေးရွာ၊ အရှေ့သာဂရကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ပုထိုးနီကျေးရွာ၊ တရုတ်ကုန်းကျေးရွာနှင့် ကျီးပြကျေးရွာများ ဖြစ်ကြောင်း သိရှိရပြီး၊  မြစ်သားမြို့နယ်တွင် ကျေးရွာ (၁၃) ရွာ၊ တံတားဦးမြို့နယ်တွင် ကျေးရွာ (၁၀) ရွာ၊ စဉ်ကိုင်မြို့နယ်တွင် ကျေးရွာ (၁၀)ရွာ ဖြစ်ကြောင်းသိရှိရကာ အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်များ၊ ပုံမှန်ဝင်ငွေများ ရရှိကြောင်းနှင့် ကျေးရွာပြည်သူ များ လူမှုစီးပွားဘဝပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)