ချောင်းဆုံတွင် မြေပြိုမှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်နှင့် အိမ်ထောင်စုဝင် မိသားစုအားထောက်ပံ့ပစ္စည်းများပေးအပ်

ချောင်းဆုံ     ဇူလိုင်  ၂၇

 မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၂၆ ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင်တောင်မြေပြိုကျမှု များဖြစ်ပေါ် ခဲ့ပြီး မြေပြိုကျခြင်းကြောင့်အမျိုးသမီးတစ်ဦးပျောက်ဆုံးပြီး အဆိုပါမိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက်(၁၀)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေ;အပ်ခဲ့သည်။
 

အဆိုပါဖြစ်စဉ်တွင် ကွမ်ရိုက်ကျေးရွာရပ်ကွက်(၈)တောင်မြေပြိုကျခြင်းကြောင့် ဒေါ်အုန်းမြင့် အသက် (၅၀) နှစ်(ဘ)ဦးကံညွန့်နေအိမ်(၃၀ပေ,၅၀ပေ)ရှိ RC တစ်ထပ်တိုက် တန်ဖိုး(၅၁) သိန်းသည် မြေစာပိ၍ ပျက်စီးပြီး အမျိုးသမီးမှာ ပျောက်ဆုံးလျက်ရှိခြင်းကြောင့် အဆိုပါ မိသားစုဝင်အားမြို့နယ်ဘေး/စီမံဦးစီးဌာနမှ  ထောက်ပံ့ငွေကျပ်(၃)သိန်း၊အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၂)သိန်းနှင့် လူသုံးကုန်ပစ္စည်း(၁၇)မျိုးတို့အား ပေးအပ်ထောက်ပံ့ပေးခဲ့ပြီး
ကျန်ရှိသည့် အိမ်ထောင်စုဝင်များအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း
မြို့နယ် ဘေး/စီမံ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းထံမှ သိရသည်။
 

မိုးများသည်းထန်စွာရွာသွန်းခြင်းကြောင့် ထပ်မံ၍မြေများပြိုကျလာခြင်းကြောင့် အန္တရာယ် ကြုံတွေ့နိုင်သည့်အိမ်ထောင်စု (၅၅)စုအား ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်စေခြင်း၊ ကွမ်ရိုက် (အ.ထ.က)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်နိုင်ရေးကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ  စီစဉ်ဆောင်ရွက်ထားကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ချောင်းဆုံ(ပြန်/ဆက်)