ချောင်းဆုံ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေ (၅)နာရီအချိန်ခန့် က ကွမ်ရိုက်ကျေးရွာတွင် တောင်မြေပြိုကျမှု များဖြစ်ပေါ်လျက်ရှိပြီး မြေပြိုကျခြင်းကြောင့် အမျိုးသမီးတစ်ဦးပျောက်ဆုံပြီး အိမ်ခြေ(၇)လုံးပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ယနေ့နံနက် ၈နာရီခွဲ အချိန်က မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အဆိုပါကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးသည့် အမျိုးသမီးအား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ မြေများထပ်မံပြိုကျလာခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ အန္တရာယ်ကြုံတွေ့နိုင်သည့် အိမ်ထောင်စုဝင်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေမှုအခြေအနေနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ကယ်ဆယ်ရေးစက်ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပြီး ပြောင်းရွှေ့အိမ်ထောင်စုဝင် (၅၅)စုတို့အား အားပေးစကားများ ပြောကြားကြောင်း သိရသည်။