လှည်းကူးမြို့နယ်၌ အောက်ဆီဂျင်လိုအပ်သည့် လူနာများအသုံးပြုရန်အတွက် အောက်ဆီဂျင်အိုးများ ဖြန့်ဝေ

လှည်းကူး ဇူလိုင် ၂၇ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ထုတ်ယူရရှိသော အောက်ဆီဂျင်အိုးများကို မြို့နယ်အတွင်းရှိ အောက်ဆီဂျင်အမှန်တစ်ကယ် လိုအပ်လျက်ရှိသောနေရာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်အောက်ဆီဂျင် ထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။ လှည်းကူးမြို့နယ်အနေဖြင့် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၃၀)အား ထုတ်ယူရရှိခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၌ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင်(၄၀)လီတာအိုး (၁၀)လုံးနှင့် ရပ်ကွက်နှင့်ကျေးရွာများမှ အောက်ဆီဂျင်လိုအပ်သော လူနာများအသုံးပြုနိုင်ရန်အတွက် ကူညီ ဆောင်ရွက် ပေးနေသည့် လူမှုရေးအသင်းအဖွဲ့များထံသို့ အောက်ဆီဂျင်(၄၀)လီတာအိုး (၂၀)လုံးတို့ကို တာဝန်ရှိသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ လှည်းကူးမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက် အရေးပေါ်လူနာများ အောက်ဆီဂျင်အခက်အခဲ မရှိစေရေးအတွက် မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက်ကို မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လှည်းကူး(ပြန်/ဆက်)