ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ကာ လူနေအိမ်များ ရေနစ်မြုပ်

ကျိုက်မရော        ဇူလိုင်     ၂၇

မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင်ဇူလိုင်လဒုတိယအပတ်မှစတင်ကာမိုးသည်းထန်စွာရွာသွန်း၍အတ္ထရံမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပုရပ်ကွက် ၁၊ ၂၊ ၃ ရှိ အိမ်များနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ နေအိမ်များအတွင်းသို့ မြစ်ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှင်စောပုရပ်ကွက်တွင်အိမ်ခြေ(၁၂၅၀) ရှိရာ ယမန်နေ့ညနေပိုင်းမှစ၍အိမ်ခြေ( ၄၅၀) အထိမြစ်ရေများဝင်ရောက်နစ်မြုပ်နေသဖြင့် အသက်ကြီးအဘိုးအဘွားများ၊ ကလေးငယ်များနှင့် တိရစ္ဆာန်များအား ကုန်းမြင့်ရာနေရာများသို့ သက်ဆိုင်ရာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ရေဘေး ကြိုတင် ကာကွယ်ရေးအတွက် ထားရှိမည့်နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်သည်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိရာ ပြည်သူများ အနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာကြပြီး စိုးရိမ်မှု မလွန်ကဲကြစေရန်အတွက်လည်း ရပ်ကွက်ကျေးရွာများတွင် အသိပေး၊ သတိပေးခြင်းများ၊ ပညာပေးခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

  ချိုမြတ်မြတ်ထွေး