ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေပေးရေးအထောက်အကူပြုကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်များ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသော လူနာများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် စောင့်ကြပ်ကြည့်ရှုခံနေရသော လူနာများနှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများအတွက် စနစ်တကျ ရရှိစေရေး၊ အောက်ဆီဂျင် လိုအပ်မှု မရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် စီစစ်၍ အောက်ဆီဂျင် ရရှိမှုပေါ်မူတည်၍ ဒေသခံပြည်သူများအား ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေပေးရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးစည်သူကျော်က ပြောကြားခဲ့သည်။
ထို့အတူ ဒလမြို့နယ်၌ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး၊ ပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအား အမြန်ဆုံး ကုစားပေးနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံတစ်ခုအား အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိပြီး စေတနာရှင်များအနေဖြင့် မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေပေးရေး အထောက်အကူပြု ကော်မတီသို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။
ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း ၁၂၀ ဦးရှိပြီး၊ ပိုးတွေ့ သေဆုံးသူ ၂၄ ဦးရှိကြောင်း၊ ကျန်းမာရေးကောင်းမွန်မှုကြောင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ ၅၂ ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင် ၁၀ဦး၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်ရှိ ၆ ခန်းတွဲ ၄ ထပ် အဆောက်အဦးတွင် ၁၇ ဦး၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများအား နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခံရသူ ၁၄၅ ဦး အထိရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
နိုင်လင်းကျော်