မိုင်းဖြတ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည်ပြု လူနာထားရှိရန်နှင့် ဆေးသိုလှောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီညအောင်က မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများနှင့်အတူ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉အတည်ပြုလူနားများ ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆေးပစ္စည်းများ သိုလှောင်ထားရှိသည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ များပြားလာပါက မြို့နယ်ပြည်သူ့ဆေးရုံ၊ တပ်မတော်အားကစားခန်းမ၊ တပ်မတော်ဆေးရုံခုတင်(၁၀၀)၊ လားဟူနှစ်ခြင်းအသင်း ဘော်ဒါဆောင်တို့တွင်လည်းကောင်း၊ Quarantine Centre အဖြစ် အထက(မိုင်းဖြတ်)၊ အထက(ဟိုနား) ကျောင်းတို့၌ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံကသိရသည်။
သန်းထွန်းအေး