နောင်ချို သြဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို နောင်ချိုမြို့ နယ် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီ အချိန်က စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ဗီတာမင်အေနှင့်သန်ချဆေးများတိုက်ကျွေးရာတွင် နောင်ချိုမြို့နယ် မြို့မရဲစခန်း၊ စျေးရပ်ကွက် အတွင်းရှိ ကလေးများကို နောင်ချိုမြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်ထားထားနွယ်နှင့် ဝန်ထမ်းများက ကလေးငယ်များအား ဆေးတိုက်ခြင်း၊ ကိုယ်အလေးချိန် စနစ်တကျ ချိန်ပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ဆေးများတိုက်ကျွေးခြင်းကြောင့် ကလေးငယ်များ ဗီတာမင်အမျိုးမျိုး ချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ ကျန်းမာသန်စွမ်းစေခြင်း၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုး၍ ဉာဏ်ရည် ထက်မြက်စွာ ပညာသင်ကြားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ အခြားရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တာဝန်ကျ ဆရာမများ ကလည်း ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးလျက် ရှိကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်