မိုင်းယောင်းမြို့နယ် ဝမ်ဘန်းကျေးရွာတံတား ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် လူနှင့် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

မိုင်းယောင်း ဇူလိုင် ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘန်းကျေးရွာတံတားကို ယမန်နေ့ ညနေပိုင်းက ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် လူနှင့် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့် ချောင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားကာ တံတားများ ပြိုကျပျက်စီးခြင်း၊ နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ လယ်ယာမြေ ရေကြီးနစ်မြုပ်ခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ 

အဆိုပါတံတားသည် ဟိုရမ်း၊ ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်မိုင်၊ ဝမ်ကြူး၊ ဝမ်အဲန်၊ ဝမ်တုံ့၊ ဝမ်တုန်ကျေးရွာများနှင့် အဓိကဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်ကာ မြို့၏ အထင်ကရနေရာများဖြစ်သော ဗောဓိရွှေညောင်ပင်(တွန်မိုက်ဆလီခမ်း)၊ ဈာန်ရကိုရင်ကြီး တောရကျောင်း(ဖပီလုံပါဝုန်း)သို့ သွားရောက်ဖူးမြော်သည့် လမ်းမပေါ်တွင် တည်ရှိသည့် တံတားဖြစ်ကြောင်းလည်း သိရသည်။ 

စိုင်းအောင်ဇော်လင်း