ဖယ်ခုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများမှ ဆောင်ရွက်လျှက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ခုနှစ်ခုအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ယမန်နေ့က Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဖယ်ခုံမြို့ပေါ်၌ ရပ်ကွက် ခုနှစ်ရပ်ကွက်ရှိပြီး ဒေသခံပြည်သူများက ရပ်ကွက်အ၀င်အထွက်များတွင် ကိုယ့်အားကိုယ်ကိုး ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ၌ ကိုယ်ပူချိန်တိုင်းခြင်း၊ Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အတူ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင်လည်း ကိုယ်ထူကိုယ်ထ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များထားရှိခြင်း၊ လူအ၀င်အထွက် ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မြို့ပေါ်ရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးအေးသွင်ဦးနှင့် တာ၀န်ရှိသူများက Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်တွင် ယနေ့အထိ စုစုပေါင်း ကိုဗစ်-၁၉(Positive) လူနာ ၄၄ ဦး ရှိပြီဖြစ်ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၄ ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း သိရှိရသည်။ (Positive) လူနာများနှင့် ဆက်စပ်ထိတွေ့သူများ၊ ၎င်းပုဂ္ဂိုလ်များနေထိုင်သည့် နေအိမ်များအား မြို့နယ်ကြက်ခြေနီ သူနာပြုအဖွဲ့မှ ဆေးဖြန်းခြင်းများဆောင်ရွက်ပြီး အသွားအလာ ကန့်သတ်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ဆေးရုံသို့ လာရောက်ပြသသော လူနာများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် အမှန်အတိုင်းပြောရန်လိုအပ်ကြောင်း၊ အကယ်၌ Positive လူနာနှင့် ထိတွေ့မှုရှိ၍ ဖျားနာပါက ကျန်းမာရေးဌာန ဖုန်း ၀၈၁-၂၃၅၆၀၀၆ သို့ ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ပါကြောင်း ကျန်မာရေးဌာနမှ အသိပေးနိုးဆော်ထားကြောင်း သတင်းရရှိသည်။