ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ယနေ့အခြေအနေထိ အောက်ဆီဂျင် လုံလောက်မှုရှိနေ

စစ်တွေ  ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ယနေ့အခြေအနေထိ အောက်ဆီဂျင် လုံလောက်မှုရှိနေကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောသည်။

“စစ်တွေမြို့မှာ လက်ရှိစစ်တွေမြို့ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးမှာ တစ်နေ့ကို ၄၀ လီတာဆံ့ အောက်ဆီဂျင်ဘူး ၆၀ ဗူးထွက်ရှိပါတယ်၊ ဒါပေမဲ့ စစ်တွေဆေးရုံကြီးက ထွက်တဲ့ အောက်ဆီဂျင်တွေကို မောင်တောဆေးရုံကိုပို့ပေးရတယ်၊ နောက်ပြီးတော့ ရသေ့တောင်ဆေးရုံ၊ ပုဏ္ဏားကျွန်းဆေးရုံနဲ့ မင်းပြားဆေးရုံတွေကိုပို့ပေးနေရပါတယ်”ဟု ဦးသန်းထွန်းက ပြောကြားသည်။

ထိုသို့ ပို့ဆောင်ပေးနေရသော်လည်း စစ်တွေဆေးရုံကြီးအတွက် လိုအပ်သော အောက်ဆီဂျင်များ ကို တပ်မတော်ဆေးရုံ(၁၇)၊ ခုတင်(၁၀၀)စစ်တွေ၊ တပ်မတော်ဆေးရုံ(၂)၊ ခုတင် ၃၀၀ အမ်း၊ ညောင် ခြေထောက် (ကပစ)နှင့် မြောင်းတကာ သံမဏိစက်ရုံ (MEC)တို့မှ အောက်ဆီဂျင်များကို သယ်ယူကာ ဖြည့်ဆည်းဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်ပါ အိုးကြီး အလုံး (၅၀၀)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ စီစဉ်မှုဖြင့် အောက်ဆီဂျင်အိုးကြီး (၄၀၀) စုစုပေါင်း (၉၀၀)ကို မှာထားရာ အခုရက်အနည်း ငယ်အတွင်း  မူဆယ်၊ မန္တလေးမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိမည်ဖြစ်သည်။

ထို့အပြင် စစ်တွေမြို့တွင် ကုန်သည်စက်မှုအသင်းမှ ဦးဆောင်ပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ပြည်သူများအလှူထည့်ဝင်ငွေဖြင့်  Oxygen Plant တစ်ခု ဆောက်လုပ်ရန်စီစဉ်နေပြီး တည်ဆောက်မည့် Oxygen Plant မှာ တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး ၂၀၀ ထွက်ရှိမည် ဖြစ်သည်။

အဆိုပါစက်ကို မှာယူထားပြီးဖြစ်ကာ ခန့်မှန်းအောက်ဆီဂျင်ထွက်ရှိမည့် အခြေအနေမှာ တစ်လခွဲ လောက် ကြာမြင့်မည်ဖြစ်သည်။ လက်ရှိတွင် စစ်တွေမြို့၌ အောက်ဆီဂျင်လိုအပ်ပါက ပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ချိပ်ဆက်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

အလားတူ စစ်တွေခရိုင် ရသေ့တောင်မြို့နယ်တွင် မြို့သူ၊ မြို့သားများစုပေါင်း အလှူငွေထည့် ဝင်မှုဖြင့် တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၃၀ မှ ၅၀ ထိ ထုတ်လုပ်နိုင်သည့် စက်ရုံကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ၎င်းအောက်ဆီဂျင်စက်ရုံမှာ Mobile စနစ်ဖြင့် တည်ဆောက်သွား မည်ဖြစ်ပြီး လိုအပ်ပါက တခြားမြို့နယ်များသို့လည်း သွားရောက်ကူညီနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ လက်ရှိတွင် ရသေ့တောင်ဆေးရုံ၌ အောက်ဆီဂျင်ရရှိမှုမှာ ၄၀ လီတာအိုး ၁၈ အိုးရရှိထားပြီး လက်ကျန်အနေဖြင့် ၄ အိုးကျန်ရှိကာ သုံးစွဲမှုအနေဖြင့်လုံလောက်မှုရှိနေပြီး အောက်ဆီဂျင်လို အပ်မှုနှင့်ပတ်သက်၍ မြို့နယ်ဆရာဝန်ကြီးထံသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။

ထို့အတူ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ လူနာများ အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ ဆံ့အို ၆ အိုးသုံးစွဲနေပြီး အောင်စီဂျင်ကို လူမှုရေးအသင်း အဖွဲ့စည်းများက လှူဒါန်းပေးလျက်ရှိသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့သူ၊ မြို့သားများစုပေါင်း အလှူငွေထည့်ဝင်မှုဖြင့် တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၃၀ မှ ၅၀ ထိ ထုတ်လုပ်နိုင်သည့် စက်ရုံကို တည်ဆောက်ရန်စီစဉ်လျက်ရှိသည်။ ပုဏ္ဏားကျွန်းမြို့နယ်အနေဖြင့်  အောင်စီဂျင်လုံလောက်မှု မရှိပါက ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြတောင်းခံလျက်ရှိကြောင်း သိရသည်။

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အောက်ဆီဂျင်သုံးစွဲမှုနှင့် ပတ်သက်၍ လိုအပ်ချက်မရှိသေးသော်လည်း မြို့သူ၊ မြို့သားများစုပေါင်းပြီး အလှူထည့်ဝင်ငွေဖြင့် တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၈၀ မှ ၁၂၀ ထိ ထုတ်လုပ်နိုင်သည့် Oxygen plant ဖြစ်မြှောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပေါက်တောမြို့နယ်တွင် အောက်ဆီ ဂျင်လိုအပ်ပါက မြို့နယ်ဆရာဝန်ကြီးထံ ဆက်သွယ်အကူအညီတောင်ခံနိုင်ကြောင်း သိရသည်။

 

တင်ထွန်း