ဟိုပန်မြို့၌ Quarantine Center များပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဟိုပန်  ဇူလိုင်  ၂၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည်  အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးမျိုးညွှန့်
(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ အခြားဒေသမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ထားရှိမည့် Quarantine Centre များ ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဥက္ကဋ္ဌနှင့်အဖွဲ့သည် အလက(ကောင်းကော်)၊ အထက(ခွဲ)ရွှေဝါ၊ အမက-စံပြ၊ အမက-မန်မိုင်၊ ကောင်းဟုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဇရပ်၊ အထက(ခွဲ)ပန်ကောက်၊ အမက-မိန်းပန်းရှမ်း၊ အမက-ပန်လုံလမ်း၊ ကိုးကန့်ယဉ်ကျေးမှုအသင်း အဆောက်အဦး၊ အထက(ဟိုပန်)နှင့် အမက(မူလွန်)မော်ဟွေ့တို့တွင် Quarantine  Centre ပြင်ဆင်ထားရှိမှုကို စစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းထိုက်နှင့် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်တို့က ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဟိုပန်မြို့သို့ ဝင်ထွက်/သွားလာခြင်းအား ဇူလိုင်လ ၂၂ ရက်နေ့ထိ ကန့်သတ်ထားပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် အခြားဒေသမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံများကိုသာ
ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သည်။ ယင်းသို့ ပြန်လည်ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးကင်းရှင်းကြောင်း (Negative)လက်မှတ်ပါရှိသူများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဝင်ခွင့်ပြုသွားမည်ဖြစ်ပြီး ဆေးလက်မှတ် မပြနိုင်သူများကို ကျန်းမာရေးဦးစီးဌာနမှ ဆေးစစ်ချက်ရယူ၍ (Positive)တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ မြို့မအားကစားကွင်းနှင့် ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ထားရှိကုသပေးသွားမည်ဖြစ်ကာ (Negative)တွေ့ရှိသူများကို ရပ်ကွက်/ကျေးရွာများရှိ Quarantine Centre ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင်(၇)ရက် ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ
ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရှိရသည်။