သီပေါ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ ကြေညာခဲ့သည့်အတွက် သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းချက်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စများအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက သက်ဆိုင်ရာကျေးရွာနှင့် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သွားလာခွင့်ကတ်ပြားများ ထုတ်ယူ၍သွားလာရမည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် အပြင်သွားလာသူများ လိုက်နာရမည့် စည်းကမ်းချက်များအား မြို့နေပြည်သူများ လိုက်နာစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်အဝင်အထွက်နေရာများ၊ လမ်းဆုံနေရာများတွင် အပြင်သွားလာသူများ သွားလာခွင့်ကတ်ပြားပါ/ မပါနေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး