ဟိုပုံး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနရုံး ရှေ့တွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်း ဖြတ်သန်း သွားလာလျက်ရှိသော ဒေသခံပြည်သူများ၊ ဈေးရောင်း ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာရေး၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပထွက်သွားလာသူများအား မိမိနေအိမ်တွင် နေထိုင်ရေး၊ မဖြစ်မနေ အိမ်ပြင်ထွက် သွားလာရပါက နှာခေါင်းစည်း တပ်ဆင်သွားလာရေး၊ လူစုလူဝေး ရှိသောနေရာများသို့ သွားလာ ခြင်းမှ ရှောင်ကြဉ်ရေး၊ ပတ်ဝန်းကျင်နေအိမ်များသို့ သွားရောက်လည်ပတ်ခြင်းမှ ရှောင်ကြဉ်ရေး အသိပညာပေး ဆောင်ရွက်ပြီး နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့်သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်အိအိသန်း နှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)