ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် နှင့် စားဖွယ်စုံ ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ် နိုင်ရေးကို ယမန်နေ့ ညနေ(၃)နာရီ၌ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ယုယုခိုင်နှင့် တာဝန်ရှိသူ များသည် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ဖွင့်လှစ်ရာတွင် စားသုံးသူများအား တစ်ဦးနှင့် တစ်ဦး အကာအကွယ်များဖြင့် စားသောက်နိုင်ရန် စီစဉ်ထားရှိမှု၊ ဆိုင်ဝန်ထမ်းများအား နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာများ စနစ်တကျတပ်ဆင်ထားရှိမှု၊ လက်ဆေးဘေစင်များ ထားရှိမှု၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကာအဝေးများတွင် စားသုံးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်ပိုစတာများအား စားသုံးသူများသိရှိနိုင်ရန် စနစ်တကျချိတ်ဆွဲထား ခြင်း ရှိ/မရှိ စသည့် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်များနှင့် စားဖွယ်စုံဆိုင်များ၌ ပြင်ဆင်ထားရှိရန် အချက်များ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေး လုပ်ငန်းများ စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ပြန်/ဆက်)