ဖားကန့်မြို့နယ်၌ ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်

ဖားကန့်  ဇူလိုင် ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ကျင်းပရာ ခရစ်ယာန်ဘာသာ ဂိုဏ်ပေါင်းစုံဆရာတော်အသင်းဥက္ကဋ္ဌ ဦးဘီတူးဂျာကဆုတောင်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖားကန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဂွမ်ဆိုင်းလီက ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဖားကန့်မြို့ကုတင်(၅၀)ဆံ့ဆေးရုံအတွက် ငွေကျပ်သိန်း (၂၀)၊ Positive လူနာများထားရှိသည့် ယူမာကျေးရွာရှိအိုးအိမ်ဝန်ထမ်းအိမ်ယာ Facility Quarantine၊ သီတဂူစက္ခုဒါနဆေးရုံ Facility Quarantineနှင့် ဆိပ်မူကျေးရွာရှိ တရုတ်ဘုံ ကျောင်း Facility Quarantine တို့အတွက် ငွေကျပ်သိန်း(၂၀)စီနှုန်းဖြင့် ငွေကျပ်သိန်း(၆၀)နှင့် ဖားကန့်မြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်ကုတင်(၅၀)ဆံ့ ဆေးရုံအတွက် ငွေကျပ်(၁၀)သိန်းတို့အား တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးသန့်ဇော်ကွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယခုပြန်လည်ဖွင့်လှစ်သည့် ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉‌ ရောဂါအတွက် ပြင်းထန်ခံစားနေရသည့်လူနာများကုသပေးခြင်း၊ ရိုးရိုးမွေးလူနာ​နှင့်လေစုပ်မွေးလူနာမီးဖွားနိုင်​​​ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့်အခြားရောဂါများကုသခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖားကန့်(ပြန်/ဆက်)