ပူတာအို ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ပူတာအိုမြို့နယ်တွင် ယခုလ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် နေသာအောင်နှင့် တပ်ဖွဲ့၀င်များ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနိူးဆော်ခဲ့ကြသည်။
အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်နိုင်ရေးတို့အတွက် တတ်နိုင်သမျှ မိမိနေအိမ်အတွင်း၌သာနေထိုင်ကြရန်၊ အပြင်ထွက်သည့်အခါတိုင်း တစ်ခါသုံးနှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ရန်နှင့် သုံးပြီးသော Mask များအား စနစ်တကျစွန့်ပစ်ရန်၊ မကြာခဏ လက်ကိုဆပ်ပြာ (သို့မဟုတ်) အရက်ပျံပါသော လက်ဆေးရည်ဖြင့် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးနေရာများကို ရှောင်ရှားကြရန်နှင့် မလွဲမရှောင်သာ တွေ့ဆုံရပါက (၆)ပေအကွာမှသာ တွေ့ဆုံကြရန် အချိန်ကြာမြှင့်စွာ တွေ့ဆုံခြင်းမှ ရှောင်ရှားကြရန်၊ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်၊ Stay at home မြို့နယ်များအဖြစ် ကြေငြာထားသော မြို့နယ်များမှ လာရောက်ပါက Quarantine ၀င်ရောက်ကြရမည်ဖြစ်ကြောင်းနှင့် မလိုက်နာပါက သဘာ၀ဘေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နိူးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါလက္ခဏာဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အနံ့ပျောက်ခြင်းများ ဖြစ်ပေါ် လာပါက ကိုဗစ်-၁၉ရောဂါ စစ်ဆေးရန် ပူတာအိုမြို့နယ်ကျန်းမာရေးဌာန၏ ဖုန်းနံပါတ် 09-762666281သို့ ဆက်သွယ်မေးမြန်း စစ်ဆေးမှုခံယူနိုင်ပြီး ပူတာအိုမြို့နယ်တွင် ယနေ့ထိကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂၉)ဦးနှင့် ယနေ့ထိဆေးရုံဆင်းခွင့်ရရှိ၍ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၁၅)ဦး ရှိကြောင်း သိရသည်။