မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိုင်းယောင်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးသည်းထန်မှုကြောင့် တောင်ကျရေ စီးဆင်းခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပွားခဲ့ ရာ တံတားကျိုးပျက်စီးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူ များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းသီဟ ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်နိုင်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင်၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးထွန်းနေလှိုင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မိုးသည်းထန်မှုကြောင့် ဇူလိုင် ၂၀ ရက်အထိ ဝမ်လဲကျေးရွာ တံတားနှင့် နမ့်ကုတ် ကျေးရွာ တံတား ပြိုကျပျက်စီးခြင်း၊ မြို့နယ်မိုးလုံလေလုံ အားကစားရုံ၏ အနောက်ဘက် အုတ်တံတိုင်း အရှည် ၁၀၄ ပေ ပြိုလဲပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ဝမ်ဘိုး၊ ဝမ်တပ်၊ ဝမ်မန်း၊ ဝမ်ကောင်း၊ ဟောင်ကြန့်နှင့် မုန်းလိုက်ကျေးရွာများတွင် တောင်သူ ၄၆၀ ဦး၏ လယ်ယာမြေ ၈၅၈ ဧက ရေကြီးနစ်မြုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်များကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စိုင်းအောင်ဇော်လင်း