ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှယ်တွေ့ဆုံ

စစ်တွေ   ဇူလိုင် ၂၁

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့နေ့လယ် ပိုင်းက  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ယခုအစည်း အဝေးသည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မိမိတို့အစီအစဉ်ဖြင့် အောက်ဆီဂျင် စက်ရုံတည် ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် မြို့နယ်အချို့၌ အောက်ဆီဂျင်ပြတ်လပ်မှုများရှိကောင်း ရှိနိုင်ပါကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မြို့နယ်များတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးပေါ်အတွက် ဆောင်ရွက်ခြင်းနည်းလမ်း၊ ရေရှည်အတွက်ဆောင်ရွက်ခြင်းနည်းလမ်း၊ ရက်တို၊ ရက်ရှည်စောင့်ဆိုင်းရမည့်နည်းလမ်းစသည်ဖြင့် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်ရာတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ကူညီဆောင်ရွက်မှုဖြင့် တပ်မတော်ဆေးရုံများမှ အောက်ဆီဂျင်များကို ရယူ အသုံးပြုလျက်ရှိပါကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည်လည်း နေ့တိုင်းအစည်းအဝေးပြုလုပ်ကာ အောက်ဆီဂျင်ရရှိ နိုင်မည့်နည်းလမ်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် သံတွဲမြို့နယ်များတွင် Oxygen plant အကြီးစားတည်ဆောက်ရန် လက်တွေ့စီစဉ်လျက်ရှိပါကြောင်း၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက မိမိတို့ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လိုအပ်သောကူညီဆောင်ရွက်မှုများ ပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် အောက်ဆီဂျင်စက်တည်ဆောက်ရေး မြို့နယ်ကိုယ်စားလှယ်များက မိမိတို့မြို့နယ် အလိုက် အလှူငွေများလက်ခံရရှိထားမှု၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့် အခြေအနေ၊ မြေနေရာ ရရှိမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကူညီဆောင် ရွက် ပေးရမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးစံရွှေမောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်ရရှိရေးဆောင်ရွက်နေမှု၊ မြို့နယ်အသီးသီးတွင် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရာတွင် ကူညီထောက်ပံ့လှူဒါန်းနိုင်မည့် အခြေအနေ၊ အောက်ဆီ ဂျင်စက်ရုံတည်ဆောက်ရာ၌ ဌာနဆိုင်ရာများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းတွင် ကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်သူများစုပေါင်း၍ အောက်ဆီဂျင်စက်ရုံများ တပ် ဆင်ဆောင်ရွက်လျက်ရှိသော မြို့နယ်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ရခိုင်ပြည်နယ်၌ ပြည်သူများစုပေါင်းပြီး အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် ဆောင်ရွက်နေသည့် မြို့နယ် (၉) မြို့နယ်ခန့် ရှိကြောင်းသိရသည်။  

တင်ထွန်း