မိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ သော ကိုဗစ်အတည်ပြုလူနာ(၅)ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲက နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှသိရသည်။
ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာသည့် ကိုဗစ်အတည်ပြုလူနာ(၅)ဦးမှာ တောင်ကြီး မြို့မှယာဉ်နောက်လိုက်(၁)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နေသူ(၂)ဦး၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ နေသူ(၁)ဦး၊ ရန်ကုန်မြို့ ဘုရင့်နောင်နယ်မြေမှ(၁)ဦး တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်အတည်ပြုလူနာ(၅)ဦးမှ ၎င်းတို့ ဆေးကုသခံယူနေချိန်တွင် ကျန်းမာရေးနှင့် နေထိုင် စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူတို့အား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်အတည်ပြုလူနာ(၂၀)ဦးရှိသည့် အနက် (၅)ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်