နေပြည်တော် ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ မိုးသောက်ပန်းလမ်းနှင့် ရှုမဝလမ်းထောင့်ရှိ မန်းရှင်အောက်ဆီဂျင်စက်ရုံကို ၂၀.၇.၂၀၂၁ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်စီဂျင်အိုး ၄၀၀ လုံး ထွက်ရှိကြောင်း၊ တစ်လုံးလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ စက်စတင်လည်ပတ်ချိန်တွင် တစ်ရက် အောက် စီဂျင်အိုး ၄၀ လီတာဆန့် အိုး၃၀၀ လုံးခန့် ထွက်ရှိမည်ဖြစ်ပြီး နောက် ၃ ရက်ခန့်မှစ၍ စက်ရုံစွမ်းအားပြည့် လည်ပတ်နိုင်ပါက ၄၀လီတာအိုး ၄၀၀လုံးခန့် နေ့စဉ်ထွက်ရှိမည်ဖြစ်သဖြင့် ကိုဗစ်၁၉ ရောဂါဖြစ်ပွါးနေသည့် ကာလအတွင်း အောက်ဆီဂျင်လိုအပ်မှုကို တဖက်တလမ်းမှ ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစက်ရုံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် စတင်ရပ်တံ့ထားခဲ့ပြီး ယခုကာလတွင် ဒေသတွင်း အောက်ဆီဂျင်လိုအပ်ချက်အရ ပြန်လည်လည်ပတ်ခြင်းဖြစ်သည်။