တွံတေးမြို့နယ်တွင် အောက်စီဂျင်ထုတ်စက်ရုံတည်ဆောက်မည်

တွံတေး ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်စီဂျင် အသုံးပြုနေရသူများ၊ အောက်စီဂျင် လိုအပ်ချက် များပြားလာသဖြင့် အရေးပေါ် လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန် တွံတေးမြို့နယ် စိတ္တသုခ ကုသိုလ်ပြုအသင်းမှ ရွှေ့ပြောင်းလို့ရသော ကွန်တိန်နာနှင့်လာသော Mobile Oxygen Plant အောက်စီဂျင်ထုတ်စက်ရုံ တစ်ရုံတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်နေ့လျှင် အောက်စီဂျင်လီတာ(၄၀)ဆံ့အိုး အလုံး(၈၀) ဖြည့်တင်း ထုတ်လုပ်ပေးနိုင်သော အဆိုပါစက်ရုံအား ပြည်သူ့ဆေးရုံအနီးရှိ စိတ္တသုခ လူမှုကယ်ဆယ်ရေး အသင်းရုံး၌ ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းစက်ရုံကို စေတနာရှင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း(၁၂၀၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ တွံတေးမြို့၌ ထို့ကဲ့သို့ လိုအပ်လျက်ရှိနေသော၊ ကျပ်သိန်း ၁၂၀၀ကျော်တန်ဖိုးရှိ အောက်စီဂျင်စက်အား တရုတ်နိုင်ငံမှ ဝယ်ယူပြီးဖြစ်ကာ၊ ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

တတိယလှိုင်းကာလအတွင်း မြို့နယ်များတွင် နာတာရှည်ရောဂါသည်များ၊ ကိုဗစ် -၁၉ ကူးစက်ခံရသူများအတွက် အောက်စီဂျင်လိုအပ်ချက် မြင့်မားလာပြီး ထိုသို့သောအခြေအနေများ ကျော်လွှာနိုင်ရန်အတွက် အောက်စီဂျင်စက် ရွေ့ပြောင်း၍ရသော ကွန်တိန်နာ Mobile Oxygen Plantကို စက်ရုံတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

တွံတေးမြို့ ပြည်သူဆေးရုံ၌ တက်ရောက်ကုသနေသော အောက်စီဂျင်လူနာများအတွက် အောက်စီဂျင်မပျက်လပ်ရေး စိတ္တသုခ လူမှုကယ်ဆယ်ရေးအသင်းမှ ကြိုးစားပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ စိတ္တသုခအသင်းမှ နာယကကြီးများက အောက်စီဂျင်စက်ရုံများတွင် အောက်စီဂျင်ရရှိရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိကာ ဆေးရုံအောက်စီဂျင် မပျက်လပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။