ကျောက်ဆည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျှက်ရှိ

ကျောက်ဆည်  ဇူလိုင်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး  ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဇူလှိုင်(၁၄)ရက်နေ့က စတင်ပြီး အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။

အလှူရှင်များရဲ့ အလှူငွေတွေနဲ့ စုပေါင်းပြီး အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊  စက်ဝယ်ယူရန်အတွက် US$(60000)ကိုလည်း ပေးချေပြီးဖြစ်ကြောင်း၊  မြန်မာငွေနှင့်ဆိုပါက ငွေကျပ်သိန်း (၁)ထောင်ကျော်ရှိကြောင်း၊ အောက်ဆီဂျင်ထွက်နှုန်းအနေဖြင့် တစ်နာရီ (၅၀)ကုဗမီတာ ဖြစ်တာကြောင့်  အကြမ်းအားဖြင့်တစ်ရက်လျှင် (၄၀)လီတာဆန့် အိုး(၂၀၀)အထက် ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်း၊ အဓိကကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေတဲ့ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခြင်းဖြစ်ကြောင်း ၊ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။

ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ အမျိုးသား(၁၈၇)ဦး၊ အမျိုးသမီး(၁၄၆)ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ အမျိုးသား(၁၃၀)ဦး၊ အမျိုးသမီး(၇၆)ဦး၊ သေဆုံးသူ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး (၉)ဦး၊ ဆေးဝါးဆက်လက်ကုသခံယူနေသူ အမျိုးသား(၄၄)ဦး၊ အမျိုးသမီး(၆၁)ဦး ရှိကြောင်း အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)