ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဩဂုတ် ၁၂
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဇုံကော်မတီရုံး၊ ကနောင်ခန်းမ၌ စက်ရုံမှတာဝန်ရှိသူများ ဌာနဆိုင်ရာများ၊ ပြည်သူများ တွေ့ဆုံပွဲနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုံ၌ တည်ဆောက်ထားသော MING FAI WEBBING (MYANMAR) COMPANY LIMITED စက်ရုံ၌ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (မူကြမ်း) အတွက် ထပ်ဖြည့်ရမည့် အစီအစဉ် များကို သက်ဆိုင်သူများနှင့် ဆွေးနွေးရာတွင် စက်ရုံအားမိတ်ဆက်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအား မိတ်ဆက် ခြင်း၊ သက်ရောက်မှု ဆန်းစစ်ခြင်း ရလဒ်များနှင့် ထိခိုက်မှုအဆင့် သတ်မှတ်ချက်များ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု နှင့် ဖြေလျော့ရေးနည်းလမ်းများ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်နှင့် စက်ရုံ၏ ဆောင်ရွက်ချက်များကို စက်ရုံဘက်မှ ဦးစည်ယံဟိန်းမှ ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံတွင် လက်ရှိပြည်တွင်းဝန်ထမ်းဦးရေ(၆၄)ဦး၊ နိုင်ငံခြားသား ဝန်ထမ်း (၅)ဦးရှိပြီး ချည်မျှင်နှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင် စီမံခန့်ခွဲမှု(မူကြမ်း)အရ စက်ရုံ၏ ဆောင်ရွက်ချက်များမှာ ပြည့်စုံမှုရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှချမှတ်ထား သော စည်းကမ်းများနှင့် အညီ ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
လဲ့လဲ့(ပြန်/ဆက်)