ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီသို့ အောက်စီဂျင်အလုံးရေ(၁၀၀)နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

မြစ်ကြီးနား ဇူလိုင် ၁၈

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကုသရေး လုပ်ငန်းများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီသို့ မြစ်ကြီးနား ညီအစ်ကိုများ ဂေါက်ရိုက်အဖွဲ့မှ အောက်စီဂျင်အလုံးရေ(၁၀၀)နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်သည်။

လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ တတိယလှိုင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် အလျင်အမြန်ကူးစက်ပျံ့နှံ့ခဲ့ပြီး ကချင်ပြည်နယ် တွင်လည်း ရောဂါပိုးတွေ့ရှိ ယနေ့အထိ (၃၄၂၆)ဦးရှိနေပြီး စတင်ဖြစ်ပွားချိန်မှ ဇူလိုင်(၁၇)ရက်နေ့အထိ သေဆုံးသူ(၅၂)ဦးရှိရာ ဇူလိုင်လ တစ်လအတွင်း သေဆုံးသူ (၄၇)ဦးအထိ ရှိနေပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် အောက်စီဂျင်ရရှိရေးသည်လည်း အလွန်အရေးကြီး လာပါကြောင်းနှင့် ထို့ကြောင့် အောက်စီဂျင်လိုအပ်လာလျှင် လုံလုံလောက် လောက်ရရှိရေးနှင့် အရေးပေါ် အသုံးပြုရန်အတွက် မိမိတို့အနေဖြင့် အောက်စီဂျင်စက်ရုံများ လိုအပ်လာသလို အလှူရှင်များ၏ လှူဒါန်းမှု ပြုနိုင်ရန်အတွက်ကိုလည်း နှိုးဆော်တိုက်တွန်းလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် မြစ်ကြီးနား ညီအစ်ကိုများ ဂေါက်ရိုက်အဖွဲ့(MBGA)မှ ဦးဇော်မင်းက ရှင်းလင်းပြောကြားပြီး ပြည်နယ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင် က အောက်စီဂျင်အိုးများ လှူဒါန်းရရှိမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် လက်ခံရရှိသည့် အောက်စီဂျင် များကို ဖြန့်ဝေသုံးစွဲသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစ်ကြီးနားညီအစ်ကိုများ ဂေါက်ရိုက်အဖွဲ့(MBGA)မှ ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း အသုံးပြုရန်အတွက် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်မှုကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယ‌နေ့လှူဒါန်းလက်ခံရရှိသည့် လီတာ(၄၀)ဆံ့ အောက်စီဂျင် အလုံးရေ(၁၀၀)နှင့် ဆက်စပ်ပစ္စည်းများကို ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံအတွက် အလုံး(၂၀)၊ မိုးမောက်မြို့နယ် ဆေးရုံအတွက်(၁၀)လုံး၊  ရွှေကူမြို့နယ်ဆေးရုံအတွက် (၁၀)လုံး၊ မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံအတွက် အလုံး(၂၀)၊ မိုးကောင်းမြို့နယ်ဆေးရုံအတွက် (၁၀)လုံး၊ တမဟ(၃)အတွက် (၁၀)လုံး၊ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံအတွက်(၁၀)လုံး၊ တနိုင်းမြို့နယ်အတွက် (၅)လုံးနှင့် ချီဖွေမြို့နယ် အတွက် (၅)လုံး ဖြန့်ဝေပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)