ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀၁)ဦးထိရှိ

ချင်းရွှေဟော် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ စစ်ဆေးချက် အဖြေအရ ယခင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၇၆)ဦးရှိရာမှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း(၂၅)ဦး ထပ်မံတွေ့ရှိခဲ့ရာ ယနေ့အချိန်အထိ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀၁)ဦး ထိရှိ ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့ရှိလူနာများအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ၊ သီးသန့်ကုသဆောင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ Quarantine စင်တာ နေရာများသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့ ကြသူများအား အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ချင်းရွှေဟော်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ(၁၀၁)ဦးထိရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၃)ဦး နှင့် သေဆုံးသူ(၁)ဦးရှိကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

 

ဇင်ဇင်