မိုင်းဆတ်မြို့မဈေး၌ Mask Campaign နှင့် အသိပညာပေးခြင်း ဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးရှေ့တွင် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

မြို့မဈေးရှေ့ ဖြတ်သန်းသွားလာသူများနှင့် ဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးဝယ် လာသူများအား Mask စနစ်တကျတပ်ဆင်ရန်၊ ဈေးဝယ်ရာတွင် Mask တပ်ဆင်ရောင်းချသူများထံမှ ဝယ်ယူရန်၊ ဈေးရှေ့ဖြတ်သန်း သွားလာသူများအား မလိုအပ်ဘဲနေ အိမ်ပြင်ပထွက်သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ မဖြစ်မနေသွားလာရပါက Mask တပ်ဆင် သွားလာရန်၊ Handgel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏ လက်ဆေးရန်၊ လူစုလူဝေးရှိသောနေရာများသို့ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားပြီး Mask (၇၅၀)ခု အခမဲ့ဖြန့်ဝေပေးခြင်း၊ Handgel ဖြင့် လက်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)