ဝိုင်းမော်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ဝိုင်းမော်  ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အမှာစကားပြောကြားရာ ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများ လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ကျေးရွာမတည်ရန်ပုံငွေ ပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့် ရန်ပုံငွေစီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ပုံငွေများကို ကျေးရွာ တစ်ရွာချင်းအလိုက် စုစုပေါင်း ကျေးရွာ(၈)ရွာအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေကို (Type-1) အိမ်ခြေ(၁၀၁)နှင့် အထက်ရှိသော ခကွမ့်ကျေးရွာ၊ ဂေါ်ဆက်ယန်ကျေးရွာနှင့် မခေါ်ဒီကျေးရွာတို့ကို တစ်ရွာလျှင် ရန်ပုံငွေသိန်း(၃၀၀)နှုန်း  ဖြင့်လည်းကောင်း၊ (Type-3) အိမ်ခြေ(၅၀)နှင့် အောက်ရှိသော ဆွတ်ရာယန်ကျေးရွာ၊ အော်ရာကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဒွန်ဘန်ကျေးရွာနှင့် ဘီဘရာကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် လည်းကောင်း စုစုပေါင်းငွေ (၁၄၀၀၀၀၀ဝိ/-) ကျပ်ကို ကျေးရွာ(၈)ရွာအတွက် အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်းလေး(ပြန်/ဆက်)