ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်စီဂျင်လိုအပ်မှုများတွင် အသုံးပြုရန် အလှူငွေပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မောင်တော  ဇူလိုင်  ၁၈

 ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အထွေထွေအသုံးစရိတ် နှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်စီဂျင်လိုအပ်မှုများတွင် အသုံးပြုရန် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီ အချိန်   ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မောင်တောခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထွေထွေအသုံးစရိတ်နှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်စီဂျင် လိုအပ်မှုများတွင် အသုံးပြုရန် အလှူရှင်များ၏ လှူဒါန်းငွေမှာ ကျပ်(၂၀၅)သိန်း၊ မောင်တောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များ၏ လှူဒါန်းငွေမှာ ကျပ်(၈၅)သိန်း၊ ဘူးသီးတောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များ၏ လှူဒါန်းငွေမှာ ကျပ်(၇၀)သိန်းကို စေတနာရှင် အလှူရှင်များက လှူဒါန်းကြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

သက်လွင်စိုး