ကလော မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် COVID-19 အဆုတ်ရောင် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများ ဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင်တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀) ရပ်ကွက် တည်ရှိသော ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဥဏ္ဏလုံ မွေရှင်တော် သဘာဝလိုဏ်ဂူဘုရားတို့တွင် ခေတ္တယာယီပိတ်ထားကြောင်းသိရသည်။
COVID -19 ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံအရ ကလောမြို့အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရားကိုတော့ မတ်လ ၂၆ ရက်နေ့မှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။ "ကလောမြို့ နှီးဘုရားကျောင်းတိုက်ကိုတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေ အများကြီးလာရောက်တည်းခိုပြီး ဘုရားဖူးကြပါတယ်။ ယခု မတ်လ ၂၇ ရက်နေ့ မှပြီး ဘုရားဖူး ဧည့်သည်များကို ညအိပ်ညနေတည်းခိုခွင့်ယာယီ ပိတ်ထားပြီး ဘုရားနယ်မြေများ အတွင်း အလှူပွဲများ၊ ဈေးဆိုင်ခန်းများလည်းခေတ္တပိတ်ထားပါတယ်။ ဘုရားဖူးမယ်ဆို ဖူးလို့ ရပါတယ်။ ယခုလက်ရှိမှာတော့ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမျှော်ခြင်း မရှိတော့ဘူး" ဟု ဘုရား ဂေါပက ဦးသန်းမောင် ပြောသည်။
"COVID -19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကလောမြို့နယ် မြင်းမထိ ကျေးရွာရှိ ဥဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရားကိုတော့ မတ်လ ၂၆ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ အပါအဝင် ခေတ္တယာယီပိတ်ထားပါတယ်။ ရပ်နီးရပ်ဝေးမှ ဘုရားဖူး ဧည့်သည် များကိုလဲသိစေချင်ပါတယ်။ ဘုရားဖူးပြန်လည်ဖွင့်ချိန်ကျရင်လဲ အများပြည်သူသိရှိနိုင်အောင် ပြန်လည် ကြေညာပေးသွားပါမယ်" ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးမျိုးအောင်ထံမှသိရသည်။
ကျော်ဝင်း(ပြန်/ဆက်)