မိုင်းယောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူသုံးဦး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်း

မိုင်းယောင်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာသုံးဦးဖြစ်သော ဝမ်ကောင်းကျေးရွာမှ နှစ်ဦးနှင့် ဖကျောက်ကျေးရွာမှ တစ်ဦးတို့သည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်ကြသဖြင့် ယနေ့နံနက်ပိုင်းအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြု ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် စုစုပေါင်း အတည်ပြုလူနာ ခုနှစ်ဦးရှိရာမှ ဇူလိုင်လ ၁၅ ရက်နေ့က သုံးဦးနှင့် ဇူလိုင်လ ၁၇ ရက်နေ့တို့၌ သုံးဦး  စုစုပေါင်း(၆)ဦး တို့ကို ဆေးရုံမှ အသီးသီးဆင်းခွင့်ပြုခဲ့ရာ၊ လက်ရှိ၌ ပိုးတွေ့ရှိထားသူ တစ်ဦးသာ ကျန်ရှိနေတော့ ကြောင်း သိရသည်။

ယင်းဆေးရုံဆင်းရာသို့ မိုင်းယောင်းတပ်နယ်မှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ အဖွဲ့ဝင်(၃) လဝကမှူး ဦးပွားမောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးတို့သွားရောက်ပြီး အိမ်ပြန်နေထိုင်စဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အားပေးစကားလည်း ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံဆင်းခွင့်ရသူများကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များက အသင်းပိုင်မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့သည်။

ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့၏ နေအိမ်အသီးသီး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ Home Quarantine ကို သတ်မှတ်ရက်ပြည့်မီအောင် ဆက်လက်နေထိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။

အားချာ