လားရှိုးခရိုင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းပေးအပ်

လားရှိုး ဇူလိုင် ၁၇

လားရှိုးမြို့၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဇွန်လ (၉) ရက်နေ့ကတည်းက ခရိုင်/မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီက အထူးကြပ်မတ် စောင့်ကြည့်ကုသဆောင်များကို စီစဉ်ဆောင်ရွက်နေသည်မှာ (၁) လကျော်ခဲ့ပြီး ဖြစ်ပါသည်။

ကိုဗစ် − ၁၉ ရောဂါ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး စင်တာများသာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေး စင်တာ၊ ပညာရေးကောလိပ်စောင့်ကြည့် ကုသရေးစင်တာများကို ဖွင့်လှစ်စောင့်ကြည့် ကုသပေး လျက် ရှိနေသည့်အပြင် လူဦးရေ (၈၀) ဆံ့ အောက်ဆီဂျင် လိုအပ်လူနာများအတွက် ကိုဗစ် − ၁၉ ရောဂါ ကြပ်မတ်ကုသရေးစင်တာကိုလည်း ပြင်ဆင်ထားရှိပြီး CCTV ဖြင့် အနီးကပ် ကြပ်မတ် ကုသပေးနိုင်ရန်အတွက်လည်း ပညာရေးကောလိပ်တွင် ထပ်မံပြင်ဆင်နေပြီဖြစ်ပြီး မကြာမီ ရက်ပိုင်းတွင် စတင်ကုသပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရိုင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ရန်ပုံငွေကြီးကြပ်ရေးကော်မတီထံသို့ ဇူလိုင်(၁၇)ရက် နံနက်ပိုင်းက ခမ်းရွှေကုမ္ပဏီလီမိတက်မှ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း (၁၀၀) ကို ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

လားရှိုးမြို့တွင် ဇူလိုင်(၁၆)ရက်နေ့ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ(၁၀၀၂)ဦးရှိပြီး ဆေးရုံ ဆင်းသူဦးရေမှာ (၅၈၀) ဦးရှိကြောင်း သိရသည်။

အလှူရှင်များအနေဖြင့် ခရိုင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ လာရောက်လှူဒါန်းနိုင်ကြသလို ရန်ပုံငွေကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်ဇော်ထွန်း ခရိုင်စီမံကိန်းမှ ဒုတိယညွှန်ကြားရေးမှူး (၀၉၂၀၃၄၅၀၈) ထံသို့လည်း ဆက်သွယ် လှူဒါန်း နိုင်ပြီး လားရှိုးမြို့နယ်ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး (၀၉၂၁၅၀၄၇၀) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)