တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရ သူပေါင်း (၁၃၀)ရှိ

တာချီလိတ် ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလိုင်း စတင်ခဲ့သော ဇွန်လကုန်မှစ၍ အတည်ပြု လူနာများကို ကုသပေးလျက်ရှိရာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူများ ယမန်နေ့ကအထိ စုစုပေါင်း ၁၃၀ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

 

ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဒေါက်တာ စိုင်းကျော်သီဟမှပြောကြားရာတွင် တာချီလိတ်၌ လက်ရှိအချိန်အထိ ဒေသတွင်းကူးစက်မှု (၄၅၇)ဦးခဲ့ပြီး ၁၁ ရက်ပြည့်၍ဆေးရုံ ဆင်းခွင့်ရသူ ယခင်က (၆၂) ဦးနှင့်ယမန်နေ့က (၆၈)ဦး၊ စုစုပေါင်း (၁၃၀)ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ အရေးပေါ်အောက်စီဂျင် အသုံးပြုခဲ့ရသူ တစ်ဦးပါဝင်ပြီး လက်ရှိအချိန်တွင် အရေးပေါ်အောက်စီဂျင်ပေးနေရသူ လေးဦးရှိကြောင်း သိရသည်။

 

ဆက်လက်၍ ကုသရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပြောကြားရာ၌ မိမိတို့ ကိုယ်တိုင် သံသယရှိသူများအတွက် ဆေးရုံဟောင်းအတွင်း fever clinic တွင်စစ်ဆေးပေးနေပြီး Positive နှင့် ထိတွေ့ ဆက်စပ်သူများအား Mobile team ဖြင့် စစ်ဆေးပေးနေကြောင်း၊ Positive များကိုလက္ခဏာပြင်းထန်မှုနှင့် ရောဂါအခံ ရှိ/မရှိအပေါ်မူတည်၍ နေရာချထားပေးကြောင်း၊ သံသယရှိသူနှင့် လက္ခဏာမပြင်းထန် ( ဖျားနာ ချောင်းဆိုး၊ အနံ့မရ)သူများကို ကုသရေးစင်တာများဖြစ်သော မိုးကုတ်ရိပ်သာ၊ အားကစားရုံနှင့်DAT bar တွင်ထားရှိပြီး လက္ခဏာပြင်းထန်သူများကို ဆေးရုံဟောင်းသီးသန့်ကုသဆောင်သို့ ပြောင်းရွှေ့ ကုသလျက်ရှိ ကြောင်း သိရသည်။

 

ကုသဆောင်နှင့်ပတ်သက်၍ ရောဂါအခံရှိသူများ (ဆီချို၊ ကင်ဆာရှိသူမျး၊ အသက် ၆၅ အထက်လူကြီးများ) ရောဂါလက္ခဏာ ပြင်းထန်သူများ အမောဖောက်သူများ၊ အောက်စီဂျင် ကျသူများကို ဆေးရုံဟောင်း  သီးသန့် ကုသဆောင်တွင် စနစ်တကျ ကုသပေးနေပြီး ပြင်းထန်အဆုတ်ရောင် လက္ခဏာရှိသူများ၊ အသက်ရှူ စက်တပ်ရန် လိုအပ်သူများအတွက် ဆေးရုံသစ် သီးသန့်ကုသဆောင်တွင် ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။

 

တာချီလိတ်မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ဦး တွေ့ရှိခဲ့ပြီး နောက်ဆုံးရရှိသော သတင်းအရ အတည်ပြုလူနာ ၄၉၁ ဦး၊ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၁၃၀ ဦးရှိကြောင်း သိရှိရသည်။

 

ယာဆေး