မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ၌ ဘက်ထရီအိုး အပူလွန်ကဲရာမှ လူနေအိမ် ငါးလုံး မီးလောင်ဆုံးရှုံး

မိုင်းယောင်း ဇူလိုင် ၁၇
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ် ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်း ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဘက်ထရီအိုး အပူလွန်ကဲရာမှ လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဦးအိုက်ကျဲန်း နေအိမ်တွင် ဆိုလာပြားနှင့် ချိတ်ဆက်ထားသော ဘက်ထရီအိုး အပူလွန်ကဲ၍ မီး စတင်လောင်ကျွမ်းခဲ့ပြီး လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မီးဘေးသင့်သူများအား ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်ရန် စီစဉ်ထားပေးပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့က အိမ်ထောင်စုတစ်စု လျှင် ဆန်ခြောက်ပြည်၊ စားသုံးဆီ(ဗူးကြီး) တစ်ဗူး၊ ဆားတစ်တွဲ၊ ဟင်းချိုမှုန့် (အထုပ်ကြီး) တစ်ထုပ်၊ ဒန်အိုး တစ်လုံးနှင့် ငွေသား ကျပ်သုံးသောင်းကို အသီးသီး ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးအိုက်ကျဲန်းအား မိုင်းယောင်းမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။