မော်လမြိုင်၊ ဇူလိုင် ၁၆
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် COVID- 19 ရောဂါနှင့် ပတ်သက်၍ အောက်စီဂျင်လိုအပ်သည့် ပိုးတွေ့လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အောက်စီဂျင် ထုတ်လုပ်နေသည့် နေရာများဖြစ်သောမော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ အောက်စီဂျင် ထုတ်လုပ်နေမှု အခြေအနေအားလည်းကောင်း၊ ပုဂ္ဂလိက စက်ရုံအနေဖြင့် ကျောက်တန်းစက်ရုံစုရှိသံလွင်အောက်စီဂျင်ထုတ်စက်ရုံတို့အားလည်းကောင်းသွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက် ကြည့်ရှုရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “ယခုအခါတွင် COVID-19 ရောဂါ တတိယလှိုင်း သည်မြင့်တက်လာပြီဖြစ်ကြောင်း အောက်စီဂျင် လိုအပ်သည့် ပိုးတွေ့လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အောက်စီဂျင် များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အထူးအလေးပေး ဆောင်ရွက်ပေးကြရန်” လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်တွင် အောက်စီဂျင် ထုတ်လုပ်နေမှုအနေဖြင့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး တွင် အောက်စီဂျင် စက်နှစ်လုံးမှ တစ်နေ့လျှင် (၄၀) လီတာအိုး အလုံး (၈၀) နှင့် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် အိုးအလုံး (၄၀) ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ပုဂ္ဂလိကစက်ရုံများအနေဖြင့် လည်း လိုအပ်သည့်အောက်စီဂျင်များကို ထုတ်လုပ်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။