မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် Mask ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းတုံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးအတွက် Mask ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့လယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်း ဖြတ်သန်း သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာရေး၊ Mask တပ်ဆင်ထားခြင်း မရှိသူများအား Mask ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပထွက်သွားလာသူများအား မိမိနေအိမ်တွင် နေထိုင်ရေး၊ မဖြစ်မနေ အိမ်ပြင်ထွက်သွားလာရပါက Mask တပ်ဆင်သွားလာရေး၊ လူစုလူဝေး ရှိသောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ ပတ်ဝန်းကျင်နေအိမ်များသို့ သွားရောက် လည်ပတ်ခြင်းမှ ရှောင်ကြဉ်ရေး အသိပညာပေး ဆောင်ရွက်ပြီး Mask (၅၀၀)ခု ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်သော မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်